ဘူးသီးတောင်အခြေစိုက်တပ်ရင်းကို AA သိမ်းယူ၊ လက်နက်ချသည့် စစ်ကောင်စီတပ်သား ထောင်ချီရှိပြီဟုဆို

0
440
ပုံစာ - တမန်းသားရဲကင်းစခန်းက မတ်လ ၂၅ရက်တွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့အခြေစိုက် စကခ (၁၅) လက်အောက်ခံ၊ ခမရ (၅၅၂) တပ်ရင်းကို တစ်လကျော်ကြာ တိုက်ခိုက်ပြီးနောက်တွင် သိမ်းယူနိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ခြေမြန်တပ်ရင်း ၅၅၂ ကို ဖေဖော်ဝါရီလ ၂၄ ရက်တွင် စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၃၂ ရက်အကြာ မတ်လ ၂၅ ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

စစ်ကောင်စီဘက်က ကြည်း၊ လေ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့သော်လည်း သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပုံစာ – တမန်းသားရဲကင်းစခန်းက မတ်လ ၂၅ရက်တွင် လက်နက်ချခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများလည်း ရရှိကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

ထွက်ပြေးလွတ်မြောက်နေသူများကိုလည်း လိုက်လံဖမ်းဆီးနေသည်ဟုဆိုသည်။

လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ရခိုင်နှင့် ပလက်ဝ ဒေသတို့က လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် မိသားစုဝင် ထောင်ချီရှိပြီဖြစ်ကြောင်း AA က ထုတ်ပြန်သည်။

မောင်တောမြို့နယ် တမန်းသားရွာ ရဲကင်းစခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မတ်လ ၂၅ရက်နေ့တွင် အဆိုပါစခန်းမှ အင်အား တစ်ရာခန့်မှာ လက်နက်ချခဲ့ကြောင်းလည်း ဆိုသည်။

ယင်းအပြင် တစ်လနီးပါး ဝိုင်းရံပိတ်ဆို့ထားသည့် မောင်တောမြို့နယ် ကြိမ်ချောင်းနယ်ခြားစောင့်စခန်းကိုလည်း အပြီးသတ် သိမ်းယူနိုင်ရန် ထိုးစစ်ကို အရှိန်အဟုန်မြှင့်နေကြောင်း ဖော်ပြသည်။