မိတ္ထီလာတွင် စစ်ကောင်စီ ရဟတ်ယာဉ်တစ်စင်း ပျက်ကျ

0
485
ပုံစာ - မကွေးတိုင်း စလင်းမြို့နယ်တွင် ဖေဖော်ဝါရီလ ၂၉ရက်က ပျက်ကျခဲ့သည့် တိုက်လေယာဉ်၏ အပိုင်းအစများ။ ဓာတ်ပုံ - မင်းဘူးခရိုင် အမှတ် -၇ တပ်ရင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် စစ်ကောင်စီတပ်က လေ့ကျင့်ပျံသန်းရေး ရဟတ်ယာဉ်တစ်စင်း မတ်လ ၂၆ ရက်က စက်ချို့ယွင်းကာ ပျက်ကျခဲ့သည်။

စစ်ကောင်စီက ၇၉ နှစ်မြောက် တပ်မတော်နေ့ မကျင်းပမီ တစ်ရက်အလိုတွင် ပျက်ကျခြင်းလည်း ဖြစ်သည်။

စစ်ကောင်စီက ယနေ့ မတ်လ ၂၇ ရက်တွင် သတင်းထုတ်ပြန်ရာ၌ ပျက်ကျသည်ဟု မသုံးနှုန်းပဲ အရေးပေါ်ဆင်းသက်ရပြီး ရဟတ်ယာဉ် ပျက်စီးမှုရှိသည်ဟုသာ ဖော်ပြသည်။

ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားတစ်ဉီး လေ့ကျင့်ပျံသန်းစဉ် ပြည်သာယာအနီးသို့ အရောက်တွင် ရဟတ်ယာဉ်ငယ်မှာ ရုတ်တရက် စက်ချို့ယွင်းကာ အရေးပေါ်ဆင်းသက်ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

ရဟတ်ယာဉ်မှူးနှင့် သင်တန်းသားမှာ ထိခိုက်ဒဏ်ရာ မရဟုဆိုပြီး ရဟတ်ယာဉ်ကို သက်ဆိုင်ရာ တပ်ဌာနချုပ် ဆယ်တင်ဆောင်ရွက်ပြီးဖြစ်ကြောင်းလည်း ဖော်ပြသည်။

ပြည်တွင်းသတင်းအချို့တွင် အဆိုပါရဟတ်ယာဉ်သည် ရှမ်းတဲရွာအနီး မဟူရာသုသာန်ထဲသို့ ပျက်ကျခြင်း ဖြစ်ကြောင်း ဖော်ပြကြသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ရက်ကလည်း မကွေးတိုင်း စလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့သေးသည်။