စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံသဖြင့် ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

0
614

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ နယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်များ လက်နက်ချအညံ့ခံလိုက်သဖြင့် ယနေ့ (မတ် ၂၅) မွန်းလွဲပိုင်းတွင် စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

ကော့ဘိန်းရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်ကစပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဒုတိယနေ့တွင် ရဲစခန်းရှိ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းများ၊ စစ်အသုံးဆောင်ပစ္စည်းများ သိမ်းဆည်းရမိသည်ဟုလည်း တော်လှန်ရေးတပ်ဖွဲ့တို့က ပြောသည်။

လက်ရှိတွင် ကော့ဘိန်းနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း စစ်ကောင်စီဘက်က လေယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများလည်း ဆက်လုပ်နေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ရဲစခန်းကတော့ အသိမ်းခံလိုက်ရပြီ။ စခန်းက ပစ်နေတာမရှိတော့ပေမယ့် လေယာဉ်နဲ့ ပြီးတော့ ရေတပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာကတော့ ဆက်တိုက်ပါပဲ။ စစ်ကြောင်းတွေ တက်လာနေတယ်လို့လည်း သတင်းကြားနေတော့ တိုက်ပွဲက ဆက်ပြင်းထန်နေဦးမယ်ထင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့်နှင့် စစ်ကောင်စီဘက်က လေယာဉ်၊ ရေယာဉ်ဖြင့် ပစ်ခတ်နေမှုကြောင့် ကော့ဘိန်းနှင့် အနီးနားရှိ ကော့ပေါက်၊ တရနာ၊ ဓမ္မသ အစရှိသည့် ကျေးရွာမှ ထောင်နှင့်ချီသည့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

တိုက်ပွဲအတွင်း ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းများနှင့် လူနေအိမ် ထိခိုက်ပျက်စီးခြင်းများရှိခဲ့ပြီး လူ ၂ ဦးခန့်အနည်းဆုံး ထိခိုက်ဒဏ်ရာရသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကလည်း ကော့ဘိန်းရဲစခန်းကို ကရင်ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ကော့ဘိန်းရဲစခန်းသိမ်းတိုက်ပွဲတွင် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်၊ ကျားဖြူစစ်ကြောင်း၊ ဂဠုန်စစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။