ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး ဘတ် ၆ သန်း ထီပေါက်

0
4710
ပုံ - ဆုငွေများ ထုတ်ယူနေစဉ် (MHAC)

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆုဖြစ်သော ဘတ် ၆ သန်း ပထမဆုကို ဆွတ်ခူးခဲ့ကြောင်း MHAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မတ်လ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီ ပထမဆုဂဏန်း ၉၉၇၆၂၆ တွင် ခြောက်လုံးတိုက် ပထမဆု ဘတ် ၆ သန်း ပေါက်ခဲ့ခြင်းဖြစ်သည်။

ထီပေါက်သည့် မြန်မာအလုပ်သမားမှာ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ထီပေါက်ခဲ့သော မြန်မာအလုပ်သမားက ဆုငွေထုတ်ယူနိုင်ရန် အလုပ်သမားကူညီရေးအဖွဲ့ဖြစ်သော MHAC မဟာမိတ်အဖွဲ့ထံသို့ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် မတ်လ ၁၈ ရက်နေ့က ဆုငွေကို ထုတ်ယူပေးနိုင်ခဲ့ကြောင်း အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။

“သူတို့က အလုပ်သွားရင်းနဲ့ပဲ ထိုးလိုက်တာ ပေါက်သွားတာပဲ” ဟု ၎င်းကဆိုသည်။

လက်ရှိတွင် သူသည် ဇနီးဖြစ်သူနှင့်အတူ ပရကျွတ်ခီရီခန်ခရိုင်ရှိ စက်ရုံတစ်ခုတွင် လုပ်ကိုင်နေကြောင်း သိရသည်။

၂၀၁၅ ခုနှစ်မှစ၍ ကိုရဲမင်းဦးဆောင်သော အလုပ်သမားကူညီရေးအဖွဲ့က ထိုင်းရောက် မြန်မာအလုပ်သမားများ ဘတ် ၆ သန်းပေါက်ပါက ဆုငွေထုတ်ယူနိုင်ရန် ကူညီပေးနေရာ ယခုအထိ ၄၉ ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။