မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့

0
1104

မေတ္တာမြို့တိုက်ပွဲအပြီးတွင် စစ်ကောင်စီတပ်သား အလောင်း ၁၄ လောင်းတွေ့ရကြောင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်းမှူးက ပြောသည်။

စစ်ကောင်စီတပ်သားများနှင့်အတူ အရပ်သားပြည်သူ ၄ ဦးလည်း သေဆုံးနေသည်ကို တွေ့ရဟု ၎င်းကဆိုသည်။

မတ်လ ၉ ရက်နေ့က ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းကို ထိုးဖောက်ဝင်ရောက်သည့် အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းသည် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၁၀ ဦးကျော်ကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

အဆိုပါ စစ်ကြောင်းနှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ မတ်လ ၁၀ ရက်မှ ၁၅ ရက်အထိ မေတ္တာမြို့တွင် ၆ ရက်ဆက် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်ဟု KNU၊ KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် မတ်လ ၁၆၊ ၁၇ ရက်များတွင် နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာ အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦးနှင့် အရပ်ဝတ် အမျိုးသားအလောင်း ၃ လောင်းတွေ့ရသည်ဟု KNLA တပ်ရင်း(၂၇)နှင့် တပ်ရင်း(၁၂) တွဲဖက်တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

“အိုးအိမ်ထိခိုက်ပျက်စီးမှုက တစ်ဆယ်ကျော်လောက်ရှိမယ်၊ အရပ်သား ထိခိုက်တာငါးယောက်ကျော်မယ် ထင်တယ်၊ အရပ်သား အလောင်းကတော့ ၄ လောင်းရှိတယ်၊ (စကစတပ်သား) အရှင်ဖမ်း မိတာတော့မရှိဘူး၊ ပထမတစ်ရက်မှာ အလောင်း ၆ လောင်း၊ နောက်တစ်ရက်မှာ ၈ လောင်းတွေ့တယ်၊ စစ်ပွဲကတော့သူထိကိုယ်ထိပဲ၊ ကျွန်တော် တို့ဆီမှာ နည်းနည်းတော့ထိခိုက်ဒဏ်ရာရှိတယ်”ဟု တပ်ရင်းမှူးက ပြောသည်။

သို့သော် နှစ်ဖက်ထိခိုက်သေဆုံးမှု၊ ဒဏ်ရာရရှိမှု အသေးစိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း “နယ်မြေရှင်းတဲ့အချိန်မှာ စစ်တပ်အလာင်းတွေလည်းတွေ့တယ်၊ အဲ့ဒီထဲမှာ ကလေးအလောင်းတစ်လောင်းပါတယ်၊ ၁၃ နှစ်အရွယ်ပေါ့နော်၊ လည်ပင်းမှာသေနတ်အပေါက်တွေရှိတယ်၊ စစ်တပ်ကပစ်သတ်သလား၊ တိုက်ပွဲဖြစ်ပြီးကျည်ထိတာလားမသိဘူး” ဟု ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းနှင့်အတူပါလာသည့် အမျိုးသားတစ်ဦးနှင့် တောင်သုံးလုံးရွာက အမျိုးသားတစ်ဦးကိုလည်း ဒဏ်ရာရထားသည့် အနေအထားဖြင့်‌‌ တွေ့ရှိရသဖြင့် ဆေးကုသပေးထားသည်ဟု ၎င်းက ဆိုသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်တွေ့သည့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးမှာ လောင်းလုံးမှဖြစ်ပြီး အဖေဖြစ်သူနှင့် ငါးရှာ‌နေစဉ် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

“ကိုဇော်ဦးတို့သားဖကတော့ အဲ့ဒီနေ့တည်းက ဖမ်းခေါ်သွားတာ၊ သူ့ကလေးအလောင်းပဲပြန်တွေ့တယ်၊ သူ့အဖေကတော့ အခုထိပျောက်နေတုန်းပဲ၊ ကျွန်တော့်သူငယ်ချင်းတွေလည်း ပါသွားတာအများကြီးပဲ၊ အဲ့နေ့တည်းက ကျွန်တော် လည်းလိုက်စုံစမ်းနေတယ်၊ အခုက ဖုန်းလိုင်းတွေလည်းမရ၊ ဆက်သွယ်ရခက်ဆိုတော့ သတင်းတွေက တစ်ယောက်နဲ့တစ်ယောက်မေးရခက်နေတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် မေတ္တာမြို့ဆေးရုံအနောက်ကိုရောက်ချိန်တွင် အဝိုင်းခံရပြီး ထိုနေ့က နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်ဟု မြေပြင်မှာရှိနေသည့် KNU ခန့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။

အဖမ်းခံရသူများတွင် ကလက်ကြီးရွာက ဒေသခံများလည်းပါဝင်ပြီး အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်ဟု ၎င်းက ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက်မှ‌ မတ်လ ၂၀ ရက်အထိ စုံစမ်းသိရှိရသည့်အချက်အလက်အရ စစ်ကောင်စီတပ်က ဒေသခံ ၂၀၀ ခန့်ကို လူသားဒိုင်းသဖွယ်ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၁၀ ဦးကျော်မှာ သေသည် ရှင်သည် ပြန်လွတ် မလွတ် မသိရသေးဘဲ အဆက်အသွယ်မရဖြစ်နေဆဲဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် ဒေသခံ ၃ ဦးသေဆုံးပြီး စစ်တပ်က ဖမ်းသွားပြီးနောက် အလောင်းပြန်တွေ့သူ ၄ ဦးရှိသည်ဟု KNLA၊ PDF ပူးပေါင်းတပ်များနှင့် ဒေသခံအချို့၏ ပြောဆိုချက်များအရ သိရသည်။ ဒဏ်ရာရသူမှာ ၁၀ ဦးခန့်ရှိသည်။

ယင်းအပြင် ကျောက်မဲတောင်ရွာက ဆာဒိုးဝါးဆေးရုံ၊ မေတ္တာက ဆေးရုံ၊ တောင်သုံးလုံးရွာက ဓမ္မရသဘုန်းကြီးကျောင်း၊ မူဆလင်ဘာသာရေးအဆောက်အအုံနှင့် မေတ္တာမြို့က နေအိမ်အဆောက်အအုံများစွာ ထိခိုက်ပျက်စီးကြောင်း ၎င်းတိုက ပြောသည်။