ကော့သောင်းတွင် အဓမ္မစစ်မှုထမ်းစေရန် မဲနှိုက်ရွေးချယ်

0
1779
ပုံစာ - ကော့သောင်းမြို့။

ကော့သောင်းမြို့တွင် အဓမ္မစစ်မှုထမ်းစေရန်အတွက် လူငယ်များရှိသည့် အိမ်ထောင်စုတိုင်း မဲနှိုက်ကြရပြီး မဲပေါက်သူကို စစ်မှုထမ်းစာရင်း‌တွင် သွင်းလိုက်ကြောင်း မြို့ခံအချို့ကပြောသည်။

မတ်လ ၁၉ ရက်ညပိုင်းမှစပြီး ရပ်ကွက်တိုင်းနီးပါး မဲနှိုက်ရွေးချယ်ကြောင်း မြို့ခံတို့ကဆိုသည်။

“သူတို့က လူငယ်တွေရှိတဲ့အိမ် စာရင်းကောက်ပြီးသား။ အဲဒီအိမ်တွေအကုန်မဲနှိုက်ရတယ်” ဟု မြို့ခံတစ်ဦးကဆိုသည်။

မဲပေါက်သည့်အိမ်ရှိ လူငယ်များ နိုင်ငံခြားရောက်နေပါက ပြန်ခေါ်ခိုင်းနေကြောင်း မြို့ခံတို့ကဆိုသည်။

မြို့ပေါ်ရပ်ကွက်တွင် တစ်ရပ်ကွက်လျှင် ၅ ဦးမှ ၈ ဦးအထိ စစ်မှုထမ်းခေါ်ပြီး ကျေးရွာများတွင်မူ တစ်ရွာလျှင် ၂ ဦးနှုန်းခေါ်နေသည်ဟု ကြားသိရကြောင်း မြို့ခံအချို့ကပြောသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမပြုကြရန် ထုတ်ပြန်တောင်းဆိုထားသည်။

ပူးပေါင်းပါဝင်သည့် ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ စစ်ကောင်စီသတင်းပေးများကို စစ်ရေးပစ်မှတ်အဖြစ် အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့သောင်းမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့၏ လုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အချက်အလက်များရရှိထားပြီး ၎င်းတို့၏ လုပ်ဆောင်ချက်ပေါ်မူတည်က အဆင့်အလိုက်အရေးယူသွားမည်ဖြစ်ကြောင်း ကော့‌သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

“စစ်ကောင်စီကို အားပေးထောက်ခံပြီး သတင်းပေးတဲ့သူတွေကို ပြောချင်တာက အခုအချိန်အထိ အမြင်မှန်မရသေးဘူး၊ ပြည်သူနဲ့မပူးပေါင်းသေးဘူးဆိုရင်တော့ တစ်နေ့နေ့မှာ ကျွန်တော်တို့နဲ့ တွေ့တဲ့အချိန်ကြရင်တော့ ခပ်ရိုင်းရိုင်းပြောရရင် စကားပြောခန်းမရှိတော့ဘူး။ ဒါကကျွန်တော် ခြိမ်းခြောက်နေတာ မဟုတ်ဘူး။ ပြည်သူကိုခြိမ်းခြောက်စရာ အကြောင်းလည်းမရှိ။ မဖြစ်သင့်တာ မဖြစ်ရအောင် ကြိုသတိပေးတာသာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ထိုင်းနိုင်ငံနှင့် မြစ်တစ်ခုသာခြားသည့် ရှမ်းကိုးရွာဘက်တွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ ထွက်ပြေးသွားကြောင်း ၎င်းကဆက်ပြောသည်။

ကော့သောင်းမြို့ပေါ်တွင်လည်း လူငယ်များထွက်ပြေးသွားကြသဖြင့် မြို့ပျက်ကြီးသဖွယ် ခြောက်ကပ်တိပ်ဆိပ်နေကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။