ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုပိုဖြစ်လာ

0
611
ပုံစာ- မောတောင်မြို့

ထိုင်းမြန်မာနယ်စပ် တနင်္သာရီမြို့နယ် မော‌တောင်မြို့တွင် ယခုလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှု ပိုများလာကြောင်း ဒေသခံအချို့ထံမှ သိရသည်။

အဆိုပါမြို့တွင် ယမန်နှစ် နိုဝင်ဘာလကစပြီး ဖုန်းလိုင်းနှင့် အင်တာနက် ပြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုလတွင် ပိုမိုဆိုးရွားလာကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ပြတ်တောက်သည့်အချိန်ကြာလာသလို မပြတ်တောက်သည့်အချိန်တွင်လည်း လိုင်းအားမကောင်းတော့ကြောင်း မောတောင်မြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဖြတ်ရင်လည်း တစ်ခါတစ်လေ ရက်နဲ့ချီကြာတယ်။ တစ်ခါတစ်လေ နာရီပိုင်းလောက်ကြာတယ်။ ဖုန်းလိုင်းတစ်ခုချည်း ဖြတ်တာမျိုးရှိသလို ဖုန်းလိုင်းအားလုံးကိုဖြတ်တာမျိုးလည်းရှိတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်က တနင်္သာရီမြို့နယ်အတွင်း လေယာဥ်ပျံသန်းမှုနှင့်လေကြောင်းတိုက်ခိုက်မှုများ လုပ်သည့်အချိန်တိုင်း ဖုန်းလိုင်းနှင့် အင်တာနက် ဖြတ်တောက်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။

ထိုကြောင့်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခံရသည့်အချိန်တိုင်း လေကြောင်းတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေရကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။

“အရင်တစ်ပတ်လောက်ကဆို ဖုန်းနဲ့အင်တာနက်လိုင်းဖြတ်တောက်ပြီး မကြာဘူး။ မြို့ထဲဆိုင်ကယ်နဲ့ သွားရင်‌ရောက်တဲ့ မောတောင်ငယ်မှာ ဗုံးကြဲသွားတယ်။ အဲဒီဘက်နားမှာ နေနေတဲ့ ဆွေမျိုးတွေအတွက်လည်း ပူနေရသလို မြို့ထဲကို မကျနိုင်ဘူးလို့ ပြောလို့မရဘူးလေ”ဟု ၎င်းက ဆိုသည်။

မောတောင်မြို့တွင် အိမ်တိုင်းနီးပါး ထိုင်းနိုင်ငံဘက်တွင် အလုပ်လုပ်နေသည့်အတွက် အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်ခံရသည့်အချိန်တိုင်း မိသားစုနှင့် အဆက်အသွယ်ရရန် အခက်အခဲဖြစ်ပြီး စိတ်ပူနေရကြောင်း ထိုင်းတွင် အလုပ်လုပ်နေသည့် မြို့ခံများက ဆိုသည်။

မောတောင်မြို့ မှာ ထိုင်းနိုင်ငံ ပရာကျော့ခရီခန်မြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။