ပွဲစားများက အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ ဘတ်အတုများထုတ်ပေး

0
646
ပုံစာ - ဇန်နဝါရီလက စူလတ်တွင် ဘတ်လာလုပ်သူများ။

ထိုင်းနိုင်ငံရောက် မြန်မာများကို “VIP လမ်းကြောင်း” ဟု အလွယ်ခေါ်ဆိုကြသည့် အထူးလမ်းကြောင်းဖြင့် ဘတ်ရိုက်ပေးမည်ဆိုကာ မြန်မာပွဲစားအချို့က အလုပ်လုပ်ခွင့်လက်မှတ် အတုများ ထုတ်ပေးနေကြောင်း အကျိုးဆောင်များနှင့် အလုပ်သမားများထံမှ သိရသည်။

VIP လမ်းကြောင်းဆိုသည်မှာ ဘတ် (အလုပ်လုပ်ခွင့်လက်မှတ်-ပန်းရောင်ကတ်) ရိုက်ခွင့်ပိတ်သွားပြီးနောက်ပိုင်း မှ ရောက်လာသူများအတွက် ပွဲစားများက အထူးလမ်းကြောင်းဖြင့် ပန်းရောင်ကတ် ပြုလုပ်ပေးခြင်းဖြစ်သည်။

ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမား အမျိုးသားတစ်ဦးက မြန်မာပွဲစားကို ၁၄၀၀၀ ဘတ် ပေး၍ VIP လမ်းကြောင်းအတိုင်း အလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ခဲ့ကြောင်း အကျိုးဆောင်တစ်ဦးထံမှ သိရသည်။

ယင်းပွဲစားက ထိုအမျိုးသားကို ယာယီအလုပ်လုပ်ခွင့်လက်မှတ်စာရွက် (ဘိုင်အနုမတ်) ကို အခြားသူတစ်ဦး၏ နာမည်၊ မွေးသက္ကရာဇ်များဖြင့် အချက်အလက်များ အစားထိုး၍ ပေးအပ်လာခဲ့ကြောင်း သိရသည်။

ထိုအမျိုးသားသည် အမည်နှင့် မွေးသက္ကရာဇ်မတူသော အလုပ်လုပ်ခွင့်လက်မှတ်စာရွက်ဖြင့် သူကိုယ်တိုင်ပင် မသိလိုက်ပဲ ထိုင်းလဝကရုံးတွင် လက်ဗွေနှိပ်ထားပြီးဖြစ်နေသည်။

အလုပ်လုပ်ခွင့်လက်မှတ်မှ ရရှိလာသော အခြေခံအလုပ်သမားဗီဇာ (Non L-A) ကို နိုင်ငံကူးလက်မှတ်သို့ မတ်လ ၁၆ ရက်နေ့က ထည့်သွင်းသည့်အချိန်တွင် အမည်နှင့် မွေးသက္ကရာဇ်မတူနေဘဲ အတုဖြစ်နေသည်ကို သိရှိခဲ့ရကြောင်း တစ်ဆင့်လိုက်ပါဆောင်ရွက်ပေးသော အကျိုးဆောင်တစ်ဦးကဆိုသည်။

“ဘာကြောင့်ဖြစ်လဲဆိုတော့ အစားထိုးဘတ်လို့ ပြောရမလား တကယ်ပဲ သိရဲ့သားနဲ့ အတု လုပ်ပေးထားလား မသိပါဘူးဗျာ။ ကျွန်တော်က ကြားကနေ ဗီဇာသွင်းပေးတာပေါ့။ အဲတော့ လက်ဗွေနှိပ်တဲ့အချိန်မှာ မသိလိုက်ပေမယ့် စာအုပ်လုပ်တဲ့အခါကျ တိုက်စစ်တော့ လူရော နာမည်ရော အကုန်မှားနေတာဗျာ” ဟု ၎င်းက ဆိုသည်။

ဘတ်ရိုက်ပေးသော မြန်မာပွဲစားက အလုပ်လုပ်ခွင့်လက်မှတ်စာရွက်မှ အချက်အလက်များကို နောက်ပိုင်းတွင် ပြန်လည် ပြောင်းလဲပေးမည်ဟု အလုပ်သမားကို ပြောဆိုထားကြောင်းလည်း ၎င်းကဆိုသည်။ အမှန်တကယ် ပြောင်းလဲ၍ ရမရကိုမူ အတည်မပြုနိုင်ပေ။

အလုပ်လုပ်ခွင့်လက်မှတ်စာရွက်သည် အတုပြုလုပ်၍ မရဘဲ အောက်ခြေရှိ QR Code ကို စကင်ဖတ်လိုက်ပါက စာရွက်ပိုင်ရှင်အမှန်၏ အချက်အလက်များ ပေါ်ပေါက်လာမည်ဖြစ်သည်။

ယခုဖြစ်ရပ်တွင် QR Code ကို စကင်ဖတ်လိုက်သောအခါ ဓါတ်ပုံသာ ပြောင်းလဲထားပြီး အခြားအလုပ်သမားတစ်ဦး၏ အချက်အလက်များကို အသုံးပြုပြီး စာရွက်ထုတ်ပေးထားသည်ကို တွေ့ရှိရသည်။

ယင်းမှာ အခြားသူ၏ကတ်ကို အတု ထုတ်ပေးခြင်းသာဖြစ်ကြောင်း အကျိုးဆောင်များက ပြောသည်။

ဘန်ကောက်ရှိ အခြားမြန်မာအလုပ်သမားတစ်ဦးလည်း ယင်းဖြစ်ရပ်ကဲ့သို့ပင် ကြုံတွေ့ခဲ့ရသည်။

“Scan QR ဖတ်တဲ့အခါ တစ်ခြားနာမည်နဲ့ တစ်ခြားလူဖြစ်နေတာပါ။ ပေးထားတဲ့ စာရွက်မှာတော့ သူ့နာမည်နဲ့ သူ့ပုံနဲ့။ စကင်ဖတ်တော့ အခြားတစ်ယောက်။ ဒါကို ပွဲစားကို ပြန်လုပ်ပေးဖို့ ပြောထားတယ်” ဟု ယင်းမြန်မာအလုပ်သမားက ဆိုသည်။

အလုပ်လုပ်ခွင့်လက်မှတ်အတွက် ပွဲစားကို ဘတ် ၉၀၀၀ ပေးချေထားပြီး အချက်အလက်များကို အလုပ်သမားရုံးတွင် ပြန်ပြောင်းပေးမည်ဟု ပွဲစားက ပြောထားကြောင်း ၎င်းက ဆိုသည်။

အစားထိုးဘတ်ဟုခေါ်သည့် အခြားသူအမည်၊ အချက်အလက်များဖြင့် ထုတ်ပေးထားသော အလုပ်လုပ်ခွင့်လက်မှတ်တွင် အချက်အလက်များ ပြောင်းခြင်းမှာ မဖြစ်နိုင်ကြောင်း ဘန်ကောက်ရှိ အကျိုးဆောင်တစ်ဦးဖြစ်သူ မမိုးခိုင်က ပြောသည်။

“ဒါက အတုလို့ပြောလို့ရတယ်။ အစားထိုးဘတ်လုပ်ထားတာလည်း ပိုက်ဆံက ကုန်ကျပြီးပြီဆိုတော့ နောက်တစ်ခေါက် VIP နဲ့ ပြန်လုပ်ပေးဖို့ မလွယ်ဘူး။ အစိုးရက တရားဝင် ဖွင့်မှသာ သက်သက်သာသာနဲ့ ပြန်လုပ်လို့ ရတော့မှာ” ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မြန်မာအလုပ်သမားများသည် အစားထိုးဘတ်ဟုခေါ်သည့် အလုပ်လုပ်ခွင့်လက်မှတ်အတုများဖြင့် သွားလာနေပါက လမ်းတွင် ထိုင်းအာဏာပိုင်များ စစ်ဆေးမိသည့်အချိန်တွင် အရေးယူခံရနိုင်သဖြင့် သတိထား သွားလာကြရန် အလုပ်သမားအကျိုးဆောင်များက တိုက်တွန်းထားသည်။

ပုံစာ – ဓာတ်ပုံပြောင်းလဲထားသော ဘိုင်အနုမတ်စာရွက်