တနင်္သာရီရှိ ကျေးရွာ ၁၀ ရွာခန့်ကို စစ်ကောင်စီက ဆန်၊ ဆီ၊ ဆေးဝါး သယ်ယူခွင့် လုံးဝပိတ်ပင်

0
1515

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ဇဝဲကျေးရွာအုပ်စုအတွင်းသို့ ဆန်၊ ဆီ၊ ဆေးဝါးနှင့် စက်သုံးဆီသယ်ဆောင်ခွင့်ကို မတ်လ ၁၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က လုံးဝကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပြီးခဲ့သည့်လက မြို့နယ်အတွင်းရှိ မရင်းကြီးရွာနှင့် တကူကျေးရွာအုပ်စုဘက်ကို ပိတ်ထားခဲ့ရာမှ လက်ရှိတွင် ဘန်းလမွတ်နှင့်ဇဝဲကျေးရွာအုပ်စုများကိုပါ ရိက္ခာဖြတ်တောက်လာခြင်း ဖြစ်သည်။

ဘန်းလမွတ်ကျေးရွာအုပ်စုနှင့် ကဇဝဲကျေးရွာအုပ်စုတွင် ကျေးရွာ ၁၀ ရွာနီးပါးရှိပြီး အိမ်ထောင်စု ၁၀၈၇ ခုအထိရှိသည်။

အဆိုပါကျေးရွာအုပ်စုနှစ်ခုကို ဆန်၊စားသုံးဆီ၊ စက်သုံးဆီ စသည့် စားနပ်ရိက္ခာတင်ထားသည့် ကုန်တင်ကားများ ဝင်ခွင့်မပြုတော့သည့်အပြင် အခြားယာဉ်နှင့်ဒေသခံများကိုလည်း ပုံမှန်ထက် ပိုမိုစစ်ဆေးဖမ်းဆီးနေကြောင်း ဒေသခံများက ဆိုသည်။

“လမ်းက တစ်လမ်းပဲရှိတယ်။ အခုလိုပိတ်ဆို့တော့ ကျေးရွာထဲ စျေးလည်းအရမ်းကြီးလာပြီး ဆန်ဝယ်ရင် အကန့်အသတ်နဲ့ဝယ်နေရတယ်။ ဆေးဝါးလည်းပိတ်တဲ့အထဲ ပါနေတော့ ကျန်းမာရေးအတွက်ပါ အခက်အခဲ ဖြစ်နေကြတယ်။ အရေးပေါ်ဆို သွားလာရလည်း အဆင်မပြေတော့ဘူး” ဟု ဘန်းလမွတ်ရွာသားတစ်ဦးက ပြောသည်။

အရင်ကလည်း ယင်းကျေးရွာအုပ်စုနှစ်ခုထံ စားနပ်ရိက္ခာသယ်ဆောင်ခွင့် စစ်ကောင်စီတပ်က ယာယီပိတ်ဆို့ကန့်သတ် ခဲ့ဖူးသော်လည်း လက်ရှိအခြေအနေကဲ့သို့ လုံးဝဖြတ်တောက်ခြင်းမျိုးမရှိခဲ့ဖူးကြောင်း ဒေသခံများက ဆိုသည်။

ဘန်းလမွတ်ကျေးရွာနှင့် ဇဝဲကျေးရွာအုပ်စုမှာ ရေလမ်းမရှိဘဲ ကုန်းလမ်းသာရှိသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ စားနပ်ရိက္ခာသယ်ဆောင်ခွင့် ဖြတ်တောက်လိုက်သဖြင့် ဒေသခံပြည်သူများ အခက်အခဲရင်ဆိုင်လာရသည့်အတွက် ပြန်ဖွင့်ပေးစေချင်ကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။

“လမ်းကိုပြန်ဖွင့်စေချင်တယ်။ ဒီရွာတွေက ပြည်သူအကုန်လုံး စားဝတ်နေရေး အခက်အခဲရှိနေတာကြောင့် အရင်လို သွားလာခွင့်တော့ ပြန်ရစေချင်တယ်။ နေ့ခစားအလုပ်သမားတွေဆို ထမင်းငတ်မယ့်အခြေအနေအထိ ဖြစ်လာနေတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါ လမ်းပိုင်းရှိ စစ်ကောင်စီတပ်စစ်ဆေးရေးက တစ်လအတွင်း ဆန်၊ဆီစသည့် ရိက္ခာများ တင်ဆောင်လာသည့် ကား ၃စီး အထိဖမ်းဆီးခဲ့ဖူးပြီး ငွေကြေးတောင်းခံကာ ပြန်လွှတ်ပေးခဲ့သည့်ကားရှိသလို လက်ရှိအချိန်ထိ ဖမ်းဆီးထားသည့် ကားများလည်း ရှိကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းကြောင့်လည်း ကုန်ကားများက ကန့်သတ်ရိက္ခာမတင်ရဲတော့ဘဲ ဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။