တနင်္သာရီတိုင်းတွင် ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်

0
1212

တနင်္သာရီတိုင်းတွင် လာမည့် ၄၈ နာရီအတွင်း မိုးထစ်ချုန်းရွာနိုင်သည်ဟု မြန်မာနိုင်ငံမိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီဌာနက ယနေ့(မတ် ၁၉) ထုတ်ပြန်ထားသည်။

ယနေ့ မနက် ၇ နာရီအချိန် တိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အတင့်အသင့် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယင်းကြောင့် ယနေ့ ညနေမှ လာမည့် ၄၈ နာရီအတွင်း တနင်္သာရီတိုင်းဒေသကြီးတွင် မိုးထစ်ချုန်းရွာနိုင်ပြီး ရွာရန်ရာနှုန်းမှာ ၆၀ ဖြစ်ကြောင်းသိရသည်။

“ဒီနေ‌ ညနေ မိုးအုံ့ပြီး ထစ်ချုန်းတာမျိုးတွေတော့ရှိတယ်။ ရွာတော့မရွာသေးဘူး “ဟု တနင်္သာရီတိုင်း ရေဖြူမြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

ယနေ့ ညနေ ၄ နာရီ နောက်ပိုင်းမှစ၍ ထိုင်းနိုင်ငံ အနောက်မြောက်ဘက်နှင့် မြန်မာနိုင်ငံ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တောင်ပိုင်းပေါ်တွင် ဖြစ်လာနေသည့် လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက် မိုးတိမ်များကို ချင်းပြည်နယ်သို့လည်းကောင်း၊ အရှေ့ဘက် ထိုင်းနိုင်ငံဘက်မှ မိုးတိမ်များကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့လည်းကောင်း အသီးသီး ဆွဲသွင်းလာသည်ကိုတွေ့ရသည်ဟုဆိုသည်။

ထိုကြောင့် ယနေ့ညနေမှ မတ်လ ၂၁ ရက်နေ့အထိမြန်မာနိုင်ငံ၏ ဒေသအနှံသို့ မိုးတိမ်များ ဝင်ရောက်လာပြီး မိုးထစ်ချုန်းရွာခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်လာမည်ဟု ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်မှလည်း သူ၏ လူမှုကွန်ရက်တွင်သတိ‌ ပေးမျှဝေထားသည်။

မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒဌာန၏ ယနေ့ညနေပိုင်း တိုင်းထွာချက်အရ ကရင်ပြည်နယ် တွင် မိုးတိမ်တောင်များ စတင်ဖြစ်ထွန်းလျက်ရှိပြီး ယနေ့ မနက်ပိုင်း တနင်္သာရီတိုင်းတွင် မတ်လ၏ ပျှမ်း မျှအပူချိန်ထက် ၂ ဒီဂရီ ဆဲလ်စီးရပ် ပိုမိုခဲ့ကြောင်းလည်းသိရသည်။