ဒေသကိုထိခိုက်နိုင်သော်လည်း ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို အဆင့်မြှင့်ရန် စစ်ကောင်စီ စတင်လုပ်ဆောင်

0
1202

သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြေရှိသဖြင့်NLD အစိုးရလက်ထက်က အဆင့်မြှင့်တင်ခြင်း မလုပ်ခဲ့သည့် ကျွန်းစုရေအားလျှပ်စစ်လုပ်ငန်းကို စစ်ကောင်စီက ပြန်လည်အကောင်‌အထည်ဖော်ရန် စတင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရေအားလျှပ်စစ်မှာ ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာတွင် တည်ရှိသည်။

စစ်ကောင်စီခန့် တနင်္သာရီတိုင်းအစိုးရအဖွဲ့နှင့် New Myanmar Renewable Energy ကုမ္ပဏီကို အဆိုပါရေအားလျှပ်စစ်ဖြစ်မြောက်နိုင်ခြင်းရှိ/ မရှိ အကြိုစူးစမ်းလေ့လာရန် ထားဝယ်မြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက်က ကနဦးသဘောတူ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။

လက်မှတ်ရေးထိုးအခမ်းအနားသို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်အပါအဝင် အဖွဲ့တချို့တက်ရောက်ခဲ့ပြီး ကုမ္ပဏီဖက်မှ ဥက္ကဋ္ဌ ‌ဦးကျော်မင်းဦးတို့ တက်ရောက်ခဲ့ကြောင်း တိုင်းစစ်ကောင်စီ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ထားသည်။

လတ်တလော ကီလိုဝပ် ရာဂဏန်းသာ လျှပ်စစ်ထုတ်လုပ်ပေးနေသော ကတ္တလူ ရေအားလျှပ်စစ်လုပ်ငန်းကို ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် တိုင်းစစ်ကောင်စီက အဆင့်မြှင့်တင်လိုနေခြင်းဖြစ်သည်။

ကတ္တလူ အသေးစားရေအားလျှပ်စစ်ကို NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော်အမတ်ဖြစ်သူ ဒေါ်တင်တင်ရီ(ကွယ်လွန်) ကအဆင့်မြှင့်တင်ပေးရန်ရှိမရှိ ၂၀၁၉ ခုနှစ်က လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့ဖူးသည်။

ထိုအချိန်က စွမ်အင်ဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်သူ ဒေါက်တာထွန်းနိုင်က ကတ္တလူရေအားလျှပ်စစ်လုပ်ငန်းကို ၇၅၀ ကီလိုဝပ်အထိ အဆင့်မြှင့်တင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်သဖြင့် ‌အဆင့်မြှင့်တင်ပေးရန်မရှိကြောင်း ပြည်သူ့လွှတ်တော်တွင် ယတိပြတ် ပြောဆိုခဲ့ဖူးသည်။

ကတ္တလူရေအားလျှပ်စစ်သည် ကတ္တလူချောင်းတွင် ရေစုကန်ပြုလုပ်ကာ အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေခြင်းဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ပျက်စီးနိုင်သည့်အတွက် ၇၅၀ ကီလိုဝပ်အထိထုတ်လုပ်ရန်ပင် NLD အစိုးရလက်ထက်က ခွင့်မပြုခဲ့သော်လည်း စစ်ကောင်စီက သုံးဆကျော်ပိုကြီးသည့် ၃ မဂ္ဂါဝပ်အထိ ထုတ်လုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။

ကတ္တလူချောင်းပေါ်တွင် ဒေသတွင်းနာမည်ကြီးပြီး ပြည်တွင်းခရီးသည်များ လာရောက်လတ်ပတ်လေ့ရှိသည့် နဝရတ်ရေအိုင်ရှိသည်။

ရေအိုင်၏အပေါ်ပိုင်းရှိ တောတောင်တို့တွင် သစ်ဝါးအလွန်အကျွံထုတ်ယူမူများရှိနေခြင်း ချောင်းပေါ်တွင် ရေကာတာဆောက်ထားခြင်းတို့ကြောင့်
အနီးနားရှိ ဥယျာဉ်ခြံတို့အတွက် ရေအလုံအလောက်မရသည့် ပြတ်ဿနာလည်းဖြစ်ပွားနေသည်။

ယင်းအပြင် လွန်ခဲ့သည့် ဆယ်စုနှစ်ကတည်းကပင် အဆိုပါရေအိုင်သို့ ရေဝင်မှုနည်းပါးနေပြီဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုထားသည်။

ထိုကြောင့် ရေအားလျှပ်စစ်ဖြင့် လျှပ်စစ်မီးလည်း မပေးနိုင်ဘဲ ဒီဇယ်ဆီဖြင့် လျှပ်စစ်ဖြန့်ဝေပေးခဲ့ရဖူးသည်အထိ ဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါရေအားလျှပ်စစ်လုပ်ငန်းမှ ထွက်လာသော လျှပ်စစ်ဓာတ်အားကို ကျေးရွာလေးရွာနှင့် တနင်္သာရီရေတပ်စခန်းဌာနချုပ်တို့ကို ဓာတ်အားဖြန့်ဖြူးပေးနေသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ကြီးချုပ်ဖြစ်လာသူ ဦးမြတ်ကိုမှာ အဆိုပါရေအားလျှပ်စစ်လုပ်ငန်းကို ပြုပြင်ခြင်းများ၊ ရေပိုက်အသစ်လည်းလှယ်ခြင်းများလည်း ပြုလုပ်ခဲ့ဖူးသော်လည်း ၎င်းတို့လိုချင်သည့် လျှပ်စစ်ဓာတ်အားအပြည့် မထုတ်ပေးနိုင်ခဲ့ကြောင်း မြတ်ကိုကိုယ်တိုင်က ထုတ်ဖော်ပြောဆိုထားသည်။

ကတ္တလူရေအားလျှပ်စစ်အား ၃ မဂ္ဂါဝပ်အထိ အဆင့်မြင့်တင်ခြင်းအပါအဝင် နေရောင်ခြည်စွမ်းအင်စနစ်ဖြင့်လည်း လျှပ်စစ် ၇ ဒဿမ ၈ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် စစ်ကောင်စီက စီစဉ်နေသည်။

ဦးမြတ်ကိုကမူ ကျွန်းစုမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန်ရှိသဖြင့် လျှပ်စစ်ဓာတ်အား လုံလုံလောက်လောက်ရရှိရန် လိုအပ်သည်ဟုဆိုသည်။

အခြားတစ်ဖက်တွင်မူ ကတ္တလူကျေးရွာတွင် စစ်ကောင်စီနှင့်သင့်‌မြတ်သော မြိတ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင်ကြီး ပိုင်ဆိုင်သည့် ပြည့်ဖြိုးထွန်းကုမ္ပဏီက ရေငန်ပုဇွန်မွေးမြူရေးကို အကြီးအကျယ်လုပ်ကိုင်လျက်ရှိသည်။

လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် ကျွန်းစုမြို့နယ်အတွက် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိရန်မှာ အလွန်ခက်ခဲသည့်အခြေအနေမှာ ပြည့်ဖြိုးထွန်းကုမ္ပဏီအတွက်လည်း စိန်ခေါ်မှုတစ်ခုဖြစ်နိုင်ပေသည်။

ပြည့်ဖြိုးထွန်းကုမ္ပဏီက လုပ်ကိုင်နေသည့် ရေငန်ပုဇွန်မွေးမြူရေးစီမံကိန်းရှိသည့်နေရာတွင် စစ်ကောင်စီကရေအားလျှပ်စစ် ၃ မဂ္ဂါဝပ်၊ နေရောင်ခြည်စွမ်အင်း ၇ဒဿမ ၈ မဂ္ဂါဝပ်ထုပ်လုပ်ရန် စစ်ကောင်စီက စီစဉ်လာခြင်းမှာ တိုက်ဆိုင်မှု မဟုတ်နိုင်ဟု သုံးသပ်နေကြသည်။