နည်းပညာတက္ကသိုလ်မှ ဆရာ ၃ ဦး အဖမ်းခံရပြီးနောက် ရေဖြူအနောက်ဘက်ကမ်းကို စစ်ကောင်စီက စစ်ကြောင်းထိုး

0
3003

ထားဝယ်နည်းပညာတက္ကသိုလ်မှ ဆရာသုံးဦးကို ဗထူးတပ်မတော်က ဖမ်းသွားပြီးနောက် အင်အားတစ်ရာဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းသည် ရေဖြူအနောက်ဘက်ကမ်းကို ရောက်ရှိနေကြောင်း ဒေသခံများထံမှသိရသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နေလယ် ၁၁ နာရီခန့်တွင် Vigo ကား ၇ စီးဖြင့် စတင်ရောက်ရှိလာကြောင်း ၎င်းတို့ထံမှသိရသည်။

“အဓိကက တက္ကသိုလ်ဆရာတွေ ဖမ်းသွားတဲ့ကိစ္စနဲ့ ရောက်လာတယ် ထင်တယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသည့် တက္ကသိုလ်ဆရာ၊ ဆရာမသုံးဦးကို ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည်ကယ်တင်နိုင်ရန် စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့များက ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြောင်း ဖေဖော်ဝါရီလ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဖေဖော်ဝါရီ ၂၉ ရက်ညနေပိုင်းမှစကာ ဆင်နင်းကုန်းရွာဘက်ရောက်နေပြီး ယနေ့မနက်ပိုင်းတွင် သေနတ်ပစ်ဖောက်သံများကြားရကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။

“မနက်ကတည်းက ပစ်နေတာ ခုနကမှ နားတယ် “ဟု ယနေ့ နေ့လယ် ၁၀ နာရီခန့်တွင် ဒေသခံ နောက်တစ်ဦးက Dawei Watch သို့ပြောသည်။

ယင်းကြောင့် ပိန်းရှောင်၊ဒေါင်းရှောင်၊ဆင်ပုနစ်၊ဆင်နင်းကုန်းရွာဘက်မှ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေကြကြောင်းသိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ဗထူးတပ်မှ စစ်ကြောင်းသည် ထားဝယ်မြို့ မောင်မယ်ရှောင်ဘုရားမဲ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ပြီး ထားဝယ်နည်းပညာတက္ကသိုလ် မှ ဒုပါမောက္ခချုပ် ဒေါင်တာတင်အောင်အပါအဝင် သုံးဦးကို ဖမ်းခေါ်သွားခြင်းဖြစ်သည်။