လေယာဉ်ဆီတင်သင်္ဘောကို ရန်ကုန်တိုင်းပကဖက ဖောက်ခွဲတိုက်ခိုက်ကြောင်း NUG ပြော

0
1670

စစ်ကောင်စီတပ် စစ်ဘက်၊ အရပ်ဘက် လေယာဉ်များတွင် အသုံးပြုသည့် လောယာဉ်ဆီများ တင်ဆောင်သင်္ဘောတစ်စင်းကို ရန်ကုန်တိုင်း ပကဖ (ရေငုပ်အထူးတပ်ဖွဲ့) က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရန်ကုန် MEC ထီးတန်းဆိပ်ကမ်း၌ ဖေဖော်ဝါရီလ ၂၉ ရက် ညနက်ပိုင်းတွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သင်္ဘောမီးလောင်နေသည့် ဓာတ်ပုံမှတ်တမ်းနှင့်တကွ ယနေ့ မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။

သင်္ဘော ဆိုက်ကပ်ပြီး ဆီချရန်စောင့်ဆိုင်းနေသော Jet A1 လေယာဥ်ဆီတင် MV သင်္ဘောကို အချိန်ကိုက် TNT မိုင်းဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်တိုင်းပကဖ တာဝန်ရှိသူတစ်ဦးသူကို ကိုးကားပြီး ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။

မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကလည်း မတ်လ ၁ရက် နံနက် ၂နာရီကျော်တွင် ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာဆိပ်ကမ်းအနီး၊ ရန်ကုန်မြစ်အတွင်း သင်္ဘောမီးလောင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းမီးလောင်မှုကို မီးသတ်ကားလေးစီးဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်ပြီး တစ်နာရီကျော်အကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။