ပုဏ္ဏားကျွန်းမြို့သို့ စစ်ကူလာသည့် သံချပ်ကာနှစ်စီးကို AA ဖျက်ဆီး၊ မြို့ကို သိမ်းယူနိုင်တော့မည်ဟုဆို

0
1268

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသည့် သံချပ်ကာကားနှစ်စီးကို ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပြီး ပုဏ္ဏားကျွန်းမြို့ကို သိမ်းယူနိုင်တော့မည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲ ၂နာရီကျော်တွင် စစ်တွေမြို့မှ စစ်ကူလာသည့် သံချပ်ကာကားနှစ်စီးကို အမြင့်ကျွန်းတံတား (မင်းချောင်းတံတား) ထိပ်တွင် ပစ်ခတ်ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ပုဏ္ဏားကျွန်းမြို့ မြို့မရဲစခန်းကို AA က သိမ်းယူထားပြီး စစ်ကောင်စီတပ် ခမရ ၅၅၀ တပ်ရင်းကို ဆက်လက်တိုက်ခိုက်နေရာ ဖေဖော်ဝါရီလ ၂၉ရက်တွင် အရှိန်အဟုန်မြှင့်ကာ ဆက်လက်တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူ အမြောက်အမြားဖြင့် တိုက်ခိုက်နေသော်လည်း ပုဏ္ဏားကျွန်းမြို့တွင် တစ်ခုတည်းရှိသည့် ခမရ ၅၅၀ ကို သိမ်းယူနိုင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း AA က ဆိုသည်။

မောင်တောမြို့နယ်မြောက်ပိုင်း၊ ကြိမ်ချောင်း-ရန်အောင်ပြင်ကားလမ်းထက်တွင် စစ်ရေးလှုပ်ရှားနေသော အင်အား (၈၀) ပါ စစ်ကောင်စီစစ်ကြောင်းနှင့်လည်း ဖေဖော်ဝါရီလ ၂၈ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။

နှစ်နာရီကျော် ကြာမြင့်သည် အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ခုနစ်ဦးသေဆုံးပြီး စစ်အသုံးအဆောင်ပစ္စည်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်းလည်းဆိုသည်။

ဖေဖော်ဝါရီလ ၂၉ ရက်နံနက်ပိုင်းတွင် စစ်ကောင်စီရေတပ် စစ်သင်္ဘောက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းစျေးတွင် ကျရောက်ပေါက်ကွဲကာ လူ ၁၂ ဦးသေဆုံးပြီး ၃၁ဦး အပြင်းအထန် ဒဏ်ရာရကြောင်း AA က ထုတ်ပြန်သည်။

ယင်းအပြင် အလတ်စား၊ အသေးစား ဒဏ်ရာရသူ ၅၀ နီးပါးရှိသဖြင့် ဒဏ်ရာရသူ ၈၀ ဦးခန့်ရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်တွေမြို့နှင့် ပတ်ဝန်းကျင်အနီးတဝိုက်တွင် တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်းမရှိပါဘဲ အများပြည်သူလူထု ဈေးရောင်းဈေးဝယ်၊ လူစည်ကားနေသောအချိန်တွင် ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း AA က ဆိုသည်။