ထိုင်းတွင် မြန်မာ့အရေး နှစ်ရက်ကြာ ဆွေးနွေးပွဲကျင်းပမည်

0
2233
ပုံစာ - ထိုင်းလွှတ်တော်ခန်းမ

၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

“3 Years After the Coup” ဟူသော “အာဏာသိမ်းပြီး ၃နှစ်အကြာ” ဆွေးနွေးပွဲကို မနက်ဖြန် မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် ထိုင်းအစိုးရအဖွဲ့က ဝန်ကြီးများပါ တက်ရောက်ဆွေးနွေးကြမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆွေးနွေးပွဲ ပထမနေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကုလသမဂ္ဂ အမြဲတန်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း ပါဝင် ဆွေးနွေးကြမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အကြံပေးပုဂ္ဂိုလ် ဒေါက်တာရှောင်တာနယ်လည်း ဆွေးနွေးပြောကြားသွားမည်ဖြစ်သည်။

ထိုင်းအစိုးရဘက်က ထိုင်းစစ်ဦးစီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ဆွေးနွေးကြမည်ဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့များနှင့် သတင်းမီဒီယာအခန်းကဏ္ဍအတွက် ဧရာဝတီ၊ မဇ္ဈိမနှင့် ထိုင်းသတင်းဌာန The Reporter ကလည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲနောက်တစ်ရက်တွင် ထိုင်း-မြန်မာနယ်စပ် လူသားချင်စာနာမှု အကူအညီပေးအပ်ရေးအတွက် ဆွေးနွေးကြမည်ဖြစ်သလို နိုင်ငံတကာ ပေါင်းကူးတံတားများ တည်ဆောက်နိုင်ရေးအတွက် ထိုင်းပါတီများဖြစ်သော Move Forward ပါတီ၊ ဖွေထိုင်းပါတီနှင့် ဘုမ်ဂျမ်းထိုင်းပါတီများလည်း ပါဝင်ဆွေးနွေးသွားမည်ဖြစ်သည်။

ဆွေးနွေးပွဲကို ထိုင်းအစိုးရအဖွဲ့ နိုင်ငံခြားရေးကော်မတီခေါင်းဆောင်ဖြစ်သော Move Forward ပါတီက ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်သဖြင့် မြန်မာအရေး ပိုမိုကောင်းမွန်လာရန် ဦးတည်ဆွေးနွေးကြမည်ဟု မျှော်လင့်ထားကြောင်း ဆွေးနွေးပွဲတက်ရောက်မည့် New Myanmar Foundation အဖွဲ့၏ ညွှန်ကြားရေးမှူး ဒေါက်တာ စန်းအောင်က ပြောသည်။

“ဆွေးနွေးပွဲတော့ သက်သက်ပဲ။ ဒါပေမဲ့ ဆွေးနွေးပွဲမှာ ထိုင်းက နိုင်ငံရေးသမားတွေ အစိုးရက အရာရှိတွေ လာပြီး နားထောင်ကြမယ်။ ဆွေးနွေးကြမယ်။ ဒါကတော့ သူတို့ စဉ်းစားစရာပေါ့ဗျာ။ တွေးစရာ ခေါ်စရာတွေ တစ်ခုခု တွေ့လာမှာပေါ့” ဟု သူက ဆိုသည်။

ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် ထိုင်းနယ်စပ်တစ်လျှောက် လုံခြုံရေးဆိုင်ရာ သက်ရောက်မှုများ ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်သည်။