မလွှဲတောင်ဂိတ် ပြန်ဖွင့်လိုက်သော်လည်း ယာဉ်အသွားအလာနည်းပါး

0
1080
ပုံစာ - မလွှဲတောင်ဂိတ်

စစ်ကောင်စီက မနေ့(မတ် ၁၉)ကစတင်ပိတ်ထားသည့် မွန်-တနင်္သာရီနယ်စပ် ၊ ရေဖြူမြို့နယ်ရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို ပြန်ဖွင့်လိုက်ပြီဖြစ်သော်လည်း ဖြတ်သန်းသွားလာသည့် ယာဉ်နည်းပါးနေသေးကြောင်း ဒေသခံများနှင့် ခရီးသွားများကပြောသည်။

ရေးမြို့ နှင့် ကလိန်အောင်မြို့အကြား မလွှဲတောင်လမ်းပိုင်းတွင် မတ်လ ၁၉ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးအတွက် စစ်ဆေးမှုပြုလုပ်နေခြင်းကြောင့် စစ်ကောင်စီဘက်က မလွှဲတောင်ဂိတ်က ဖြတ်သန်းခွင့် ပိတ်ခဲ့ခြင်းဖြစ်သည်။

“ ကားတွေတော့ တဖြည်းဖြည်းချင်းသွားနေကြတယ်။ အများစုကတော့ အခြေအနေစောင့်ကြည့်ပြီးမှ သွားကြမယ် “ ဟု ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက ပြောသည်။

နယ်မြေစိုးမိုးရေးအတွက် တော်လှန်ရေးအဖွဲ့များ၏ လမ်းပိုင်း စစ်ဆေးမှုမှာ မနက် ၇ နာရီမှ ညနေ ၃ နာရီအထိကြာခဲ့ပြီး စစ်ကောင်စီ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်က လေယာဥ်ဖြင့် လာရောက်ကင်းထောက် ပျံသန်းမှုရှိခဲ့သည်ဟု နယ်မြေစိုးမိုးရေး လုပ်ဆောင်ခဲ့သည့် အဖွဲ့များကထုတ်ပြန်သည်။

စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ အသွားအလာနှင့် ထောက်ပို့လမ်းကြောင်းကို စစ်ဆေးခဲ့ခြင်းဖြစ်ပြီး စစ်ဆေးမှုအတွင်း စစ်ကောင်စီအသိုင်းအဝိုင်းနှင့် ဆက်စပ်သည့် ကုမ္ပဏီတစ်ခုမှ မော်တော်ကားတစ်စီး ကိုသိမ်းဆည်းခဲ့ကြောင်း မွန်ပြည်တော်လှန်ရေးတပ်(MSRF)ထံက သိရသည်။

“ လမ်းပိုင်းအခြေအနေကတော့ မနက်အစောကစပြီး ပြန်ဖွင့်ပါတယ်။ လူသွားလူလာကတော့ အတော်ရှင်းပါတယ်။ မနေ့ကပြည်သူတွေကလည်း ကားတွေအတော်ပိတ်မိနေတော့ မဟာမိတ်တွေကလည်း တပ်ကိုပြန်ရုတ်လိုက်တယ် “ ဟု MSRF တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကပြောသည်။

ယင်းအပြင် တော်လှန်ရေးအဖွဲ့များက မလွှဲတောင်ခြေ ၊ အလယ်စခန်းကျေးရွာတွင် တည်ရှိသည့် သစ်တောရုံးရှိ စာရွက်စာတမ်းများကို ဝင်ရောက်ရှင်းလင်း ဖျက်ဆီးခဲ့ပြီး ဝန်ထမ်းများနှင့်အရပ်သားများကို မထိခိုက်စေဘဲ ပြန်ဆုတ်ခွာခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

အဆိုပါ ရေး-ထားဝယ်ကားလမ်းပိုင်း နယ်မြေစိုးမိုးရေးလှုပ်ရှားမှုကို မွန်တော်လှန်ရေးအင်အားစုများ၊ တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ ဒေါနစစ်ကြောင်း ၊ KNLA နှင့် ABSDF တို့ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။