ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
984

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ကြမ်းခဲ့ပြီး စံချိန်တင်အမြင့်ဆုံးဈေးသို့ ရောက်နေခဲ့သည်။

စက်သုံးဆီဈေးလည်း တက်ရိပ်ပြလာခဲ့သည်။

ထို့ကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သိန်းလေးဆယ်ကျော်အထိ စံချိန်တင်ဈေးတက်သွားခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် လေးဆယ့်တစ်သိန်းငါးသောင်းကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။

ထိုင်းဘတ်ဈေးလည်း တက်လာခဲ့ပြီး ထိုင်းငွေ ၁ ဘတ်လျှင် ၁၀၀ ကျပ်ကျော်သွားခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၉၈၀ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ အတက်အကျမရှိ တောက်လျှောက်ငြိမ်နေခဲ့ရာမှ သောကြာနေ့တွင် ရုတ်တရက် တက်ရိပ်ပြလာသည်။

ထားဝယ်ဈေးကွက်တွင် ၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၇၅၀ ကျပ် ဈေးဖွင့်ထားရာက ၂၈၀၅ ကျပ် ဖြစ်သွားသည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၉၀၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

စံချိန်တင်တက်သွားသည့် အခေါက်ရွှေဈေးသည် လာမည့်အပတ်တွင်လည်း ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းကလည်း အတက်ပိုင်းတွင် ဆက်ရှိနေပြီး မတ်လ ၁၆ ရက်နေ့ ပေါက်ဈေးအရ တစ်အောင်စလျှင် ၂၁၅၆ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကမူ တစ်အောင်စလျှင် ၂၁၇၉ ဒေါ်လာ ပေါက်ဈေးရှိခဲ့သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရစနစ်ကြောင့် လူငယ် အများအပြား ပြည်ပကို ထွက်ခွာကြခြင်းကြောင့် လုပ်သားအရင်းမြစ်ရှားပါးနေသည်။

ထို့ကြောင့် ကုန်ထုတ်လုပ်ငန်း၊ ကုန်ပစ္စည်းဖြန့်ချီရေး၊ ဆောက်လုပ်ရေး စသည့် စီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကုန်ထုတ်စွမ်းအား မတည်မငြိမ်ဖြစ်နေသည်။

ထိုအခင်းအကျင်းများနှင့် ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းများကြောင့် ပြည်တွင်းရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

စစ်ကောင်စီတပ်တွင် စစ်မှုမထမ်းလိုသည့် လူငယ်အများအပြားက ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းနေကြခြင်း၊ ရွှေဈေးတက်ခြင်းများကြောင့် ထိုင်းဘတ်ဈေးလည်း ကျရိပ်ပြမည့် အနေအထားမရှိပေ။

ထို့ကြောင့် ထိုင်းဘတ်ဈေးမှာ ရွှေဈေးနှင့်အတူ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ပြည်တွင်းဒေါ်လာငွေလဲနှုန်းလည်း အနည်းငယ်တက်နေပြီး တစ်ဒေါ်လာလျှင် ၃၆၅၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီပြတ်လပ်မည့်အရေးမှာ အစိုးမရသည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် စက်သုံးဆီဈေးလည်း လက်ရှိပေါက်ဈေးအတိုင်းပင် ဆက်ရှိနေမည်ဟု ခန့်မှန်းရသည်။