ရန်ကုန်တွင် ထားဝယ်လူငယ်တစ်ဦး ပျောက်ဆုံး

0
4941
ပုံစာ - ကိုအောင်ကျော်သူရထွေး

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်တွင် ထားဝယ်ဒေသခံ လူငယ်တစ်ဦး မတ်လ ၉ ရက်နေ့ကစတင် အဆက်သွယ်ပြတ်၍ ပျောက်ဆုံးသွားကြောင်း ယင်းလူငယ်နှင့် နီးစပ်သူများထံမှ သိရသည်။

ပျောက်ဆုံးနေသူမှာ အသက် ၂ဝ ဝန်းကျင်အရွယ်ရှိ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာဇာတိဖြစ်သူ ကိုအောင်ကျော်သူရထွေးဖြစ်သည်။

၎င်းမှာ ပြီးခဲ့သည်နှစ် ဇွန်လက ဘာသာစကားသင်တန်းတက်ရန်အတွက် ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး လက်ရှိတွင် ရွှေပြည်သာမြို့နယ်၊ ချင်းတွင်းရပ်ကွက်၊ သာသနာ့ဒီပံ ကျောင်းတိုက်တွင် လာရောက်နေထိုင်သူဖြစ်သည်။

ကိုအောင်ကျော်သူရထွေးမှာ ကျောင်းတိုက်တွင် ပန်းပင် ရေလောင်းနေစဉ် ပျောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

” မနက် ၈နာရီလောက် ပန်းပင်ရေလောင်းနေတယ်။ ၈ခွဲ ဆွမ်းခံကြွဖို့ လိုက်ရှာတော့ ရှာမတွေ့တော့ဘူး။ သူမပျောက်ခင်နေ့က သူ့လက်ကိုင်ဖုန်းလည်း ပျောက်သွားသေးတယ် ” ဟု သာသနာ့ဒီပံကျောင်းတိုက် ဆရာတော်က မိန့်ကြားသည်။

ပျောက်ဆုံးပြီး ရက်သတ္တပတ်ကြာသည်အထိ ရှာမတွေ့သေးသဖြင့် ရွှေပြည်သာမြို့နယ် တွင် လူပျောက်မှုဖြင့် တိုင်ကြားထားကြောင်း နှင့် ၎င်း ၏ မိသားစုများကိုလည်း ပျောက်ဆုံးနေသည်ကို အသိပေးထားကြောင်း ဆရာတော်က ဆက်လက်မိန့်ကြားသည်။