တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1516

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

မတ်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ

စစ်မှုထမ်းဖို့အတွက် သတင်းပို့ဖို့ဆင့်ခေါ်တာကြောင့် ပြည်သူတွေ စိုးရိမ်

စစ်မှုထမ်းဖို့ အသက်ပြည့်သူတွေကို စစ်ကောင်စီက သတင်းပို့ဖို့ ဆင့်ခေါ်နေပြီး သတင်းလာမပို့ရင် အရေးယူမယ်ဆိုတာ တွေကြောင့် ပြည်သူတွေကြား စိုးရိမ်မှုမြင့်တက်နေပါတယ်။

ရန်ကုန်နဲ့ နေပြည်တော်က မြို့နယ်တွေမှာ ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင်တဲ့ လူငယ်တွေကို စာရင်းကောက်တာ၊ သတင်းပို့ဖို့ ဆင့်ခေါ်တာတွေ အခုသီတင်းပတ်အတွင်းမှာ စစ်ကောင်စီက စတင်လုပ်ဆောင်လာပါတယ်။ မြို့နယ် ထွေအုပ်ရုံးမှာ မှတ်ပုံလာတင်ဖို့ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွေကနေတစ်ဆင့် ဆင့်ခေါ်စာတွေ ပို့နေတာပါ။

ဒီလို လုပ်ဆောင်လာတာကြောင့် လူငယ်တွေ စိုးရိမ်နေကြသလို လူငယ်တွေ ရှိတဲ့ မိသားစုတွေကြား စိုးရိမ်မှု မြင့်တက်နေ ပါတယ်။ စစ်မှုထမ်းရမယ့် စာရင်းထဲမှာ မပါဖို့ လာဘ်ထိုးရတာတွေ ရှိနေပြီလို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်ကတော့ စစ်မှုထမ်းတွေကို သင်တန်းပေးဖို့အတွက် သတင်းကျောင်းတွေ စီစဉ်ထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကတော့ ပြည်ပကျူးကျော်စစ် ဖြစ်နေတာမရှိဘဲ အတင်းအကျပ် စစ်သားစုဆောင်းတာကြောင့် မြန်မာလူငယ်တွေ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးတစ်ရပ်မှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ပြည်သူကို စိတ်ဒုက္ခ၊ လူဒုက္ခပေါင်းစုံ ပေးပြီး ပြန်လမ်းမရှိတဲ့ ရှေ့တန်းစစ်မြေပြင်သို့ လူငယ်တွေကို အတင်းအဓမ္မပို့ဆောင်ဖို့ ကြိုးစားနေတာလို့ ပြောပါတယ်။

……………………………………

မြို့နယ် ၈၀ မှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်ခံထားရ

ပုံစာ – ၂၀၂၁ ခုနှစ်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတစ်ခုတွင် တွေ့ရစဉ်။

စစ်ကောင်စီက မြို့နယ် ၈၀ မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတယ်လို့ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့် လှုပ်ရှားနေတဲ့ အသံအဖွဲ့က ထုတ်ပြန်ပါတယ်။

အဲဒီလို ဖြတ်တောက်ခံထားရတာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေတဲ့ ရခိုင်က မြို့နယ်အားလုံးနဲ့ စစ်ကိုင်းက ၂၇မြို့နယ် အထိ အများဆုံး ပါဝင်နေတာ တွေ့ရပါတယ်။ တနင်္သာရီ၊ ရှမ်း၊ မကွေး၊ ကချင်၊ ကရင်၊ ချင်း၊ ပဲခူးအရှေ့က မြို့နယ်တွေလည်း ပါဝင်နေပြီး မွန်နဲ့ ဧရာဝတီကတော့ တစ်မြို့နယ်စီ ပါဝင်တာ တွေ့ရပါတယ်။

အင်တာနက်ဖြတ်တောက်ခံရတဲ့ အဓိက အကြောင်းအရင်းကတော့ တိုက်ပွဲဖြစ်ပွားတာကြောင့်လို့ ဆိုပါတယ်။ သတင်း အချက်အလက် စီးဆင်းမှုကို ဖုံးကွယ်ထိန်ချန်နိုင်ဖို့၊ တော်လှန်ရေးလုပ်ငန်းတွေနဲ့ ချိတ်ဆက်မှုတွေကို ဖြတ်တောက်ဖို့ ရည်ရွယ်တာ ထင်ရှားတယ်လို့ အသံအဖွဲ့က ဆိုပါတယ်။

အင်တာနက် ဖြတ်တောက်ခံရတာကြောင့် ဘဏ်လုပ်ငန်းတွေ၊ ငွေလွှဲလုပ်ငန်းတွေ၊ အွန်လိုင်းဝန်ဆောင်မှု လုပ်ငန်းတွေ ရပ်လုနီးဖြစ်နေတယ်လို့ ဖော်ပြပါတယ်။

အမေရိကန်အခြေစိုက် Freedom House အဖွဲ့ရဲ့ပြီးခဲ့တဲ့နှစ်က အစီရင်ခံစာအရလည်း မြန်မာ့အင်တာနက်လွတ်လပ်ခွင့်ဟာ ကမ္ဘာ့အဆိုးရွားဆုံး နိုင်ငံစာရင်းထဲမှာ ပါဝင်နေပါတယ်။

……………………………………

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေသူလျော့ကျ၊ ကရင်နီမှာ စာစစ်ဌာနမရှိ

စစ်ကောင်စီက ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ လျော့ကျခဲ့ပြီး ကရင်နီ (ကယား) မှာဆိုရင် စာစစ်ဌာနမရှိခဲ့ပါဘူး။

ပထမဆုံးအကြိမ်အဖြစ် စနစ်သစ် Grade 12 စာမေးပွဲကို မတ်လ ၁၁ ရက်နေ့ကနေ စတင်ကျင်းခဲ့တာပါ။ စာမေးပွဲဖြေဆိုသူ ၁၂၈,၀၀၀ ကျော်ရှိပြီး ၁၇,၀၀၀ ကျော် ပျက်ကွက်ခဲ့ပါတယ်။ စာမေးပွဲဖြေဆိုဖို့ ပျက်ကွက်သူ အများစုက တိုက်ပွဲ ပြင်းထန် နေတဲ့ ရခိုင်ပြည်နယ်က ဖြစ်ပါတယ်။ ကရင်နီမှာဆိုရင်လည်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စာစစ်ဌာနတောင် မဖွင့်နိုင်ခဲ့ အခြေအနေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စာသင်နှစ်နဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ စာမေးပွဲ ဖြေဆိုသူ သုံးသောင်းကျော် လျော့နည်းခဲ့ပါတယ်။ စစ်ရေးပဋိပက္ခပြင်းထန်လာတာ၊ စစ်ကောင်စီ လက်အောက်မှာ ပညာမသင်ကြားလိုတာတွေကြောင့် အာဏာသိမ်းကာလမှာ ကျောင်းတက်နှုန်းဟာ တစ်နှစ်ထက် တစ်နှစ် လျော့ကျနေပါတယ်။

……………………………………

ရခိုင်တောင်ပိုင်းမှာ AA မြို့စတင်သိမ်းယူ

ရခိုင်ပြည်နယ်တောင်ပိုင်းမှာ ပထမဆုံးအဖြစ် ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပါတယ်။

တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့အနီး ရမ်းဗြဲကျွန်းမှာရှိတဲ့ ရမ်းဗြဲမြို့ကို သုံးလနီးပါးကြာ တိုက်ခိုက်ပြီးနောက် မတ်လ ၁၁ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီမတိုင်ခင်မှာ AA က ရခိုင်မှာ မြို့နယ်အဆင့် မြို့ခြောက်မြို့နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝမြို့နယ်တွေကို သိမ်းယူထားတာကြောင့် ရမ်းဗြဲဟာ ရှစ်မြို့မြောက်ဖြစ်လာပါတယ်။

ရခိုင်မြောက်ပိုင်းက ရသေ့တောင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း သုံးရင်းကိုလည်း အရှိန်မြင့်တိုက်ခိုက်နေသလို ဘူးသီးတောင်မြို့က ခမရ ၅၅၂ တပ်ရင်းကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။

မတ်လ ၁၀ ရက်နေ့က မောင်တောမြောက်ပိုင်းက အောင်သပြေ နယ်ခြားစောင့်စခန်းကို AA က တိုက်ခိုက်ရာမှာ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၀ ကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြပါတယ်။

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေမှာ လူနေရပ်ကွက်တွေ၊ ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲတာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။

……………………………………

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးဂိတ်နှစ်ခုကို MNDAA ပြန်ဖွင့်

ပုံစာ – ချင်းရွှေဟော်နယ်စပ်ဂိတ်ကို ၂၀၂၀ ပြည့်နှစ်က တွေ့ရတာဖြစ်ပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေဖြစ်တဲ့ ချင်းရွှေဟော်နဲ့ ဝမ်တိန်ဂိတ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

ချင်းရွှေဟော်ဂိတ်ဟာ ချင်းရွှေဟော်မြို့မှာရှိပြီး ဝမ်တိန်ဂိတ်ကတော့ မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) မြို့မှာ ရှိတာပါ။ ဒီဂိတ်တွေကို ၁၀၂၇ စစ်ဆင်ရေးမှာ မြောက်ပိုင်းမဟာမိတ်တွေက သိမ်းယူထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဒီနယ်စပ်ဂိတ်တွေကို ကိုးကန့်တပ် MNDAA က မေလ ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ နယ်စပ်ဂိတ် ဖွင့်လှစ်လိုက်ပေမယ့် လူအဝင်အထွက်ကိုသာ ခွင့်ပြုထားပြီး ကုန်အဝင်အထွက်တော့ မသွားလာနိုင်သေးဘူးလို့ ပြည်တွင်း သတင်းတချို့မှာ ဖော်ပြကြပါတယ်။

မြောက်ပိုင်းမဟာမိတ်တွေနဲ့ စစ်ကောင်စီတို့ တရုတ်အကူအညီနဲ့ လေးကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလကုန်က တွေ့ဆုံပြီးချိန်မှာ နယ်စပ်ဂိတ်တွေကို ဖွင့်လှစ်လာတာလည်း ဖြစ်ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ AA ရဲ့ ဒုစစ်ဦးချုပ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် အခွန်ကောက်ဖို့ နှစ်ဖက် သဘောတူတဲ့ ရာခိုင်နှုန်းနဲ့ ပတ်သက်လို့တော့ ငြင်းဆိုခဲ့ပါတယ်။

……………………………………

သင်္ဃန်းညီနောင်မှာ စခန်းတွေ အသိမ်းခံရပြီးနောက် လေကြောင်းကနေ အပြင်းအထန်ပြန်တိုက်

ပုံစာ – ခမရ ၃၅၅ တပ်ရင်းကို KNLA နှင့် ပူးပေါင်းတပ်များက မတ်လ ၇ ရက်နေ့က သိမ်းယူထားစဉ်။

ကရင်ပြည်နယ် မြဝတီမြို့အနီးက သင်္ဃန်းညီနောင်မှာ အခြေစိုက်တဲ့ ခမရ ၃၅၅ တပ်ရင်းနဲ့ ရဲစခန်းသိမ်းယူခံရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်နေပါတယ်။

ခမရ ၃၅၅ တပ်ရင်းနဲ့ ရဲစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက မတ်လ ၇ရက်နေ့မှာ သိမ်းယူခဲ့တာလို့ KNU က ထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ် အလွန်အကျွံအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တယ်လို့ ဆိုပါတယ်။

သင်္ဃန်းညီနောင်ကို လက်မလွတ်ရဖို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန် ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ ပြည်တွင်းသတင်းတွေမှာ ဖော်ပြချက်တွေအရ သိရပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိသလို ဒေသခံ ငါးထောင်ကျော်ဟာလည်း မြဝတီမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

KNLA နဲ့ ပူးပေါင်းတပ်တွေဟာ သင်္ဃန်းညီနောင်အခြေစိုက် ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ကုန်သွယ်ရေးဇုန်နဲ့ ခမရ ၂၅၇ တပ်ရင်းတို့ကို မတ်လ ၇ ရက်ကနေ့ စတင်ဝင်ရောက် တိုက်ခိုက်နေတာဖြစ်ပါတယ်။

မတ်လ ၁၁ ရက်မှာလည်း မြဝတီမြို့အနီးက ဖလူးစခန်းကို သိမ်းယူရရှိတယ်လို့ KNU က ထုတ်ပြန်ပါတယ်။

မတ်လ ၁၄ ရက်မှာတော့ ကျိုက်ဒုံမြို့မှာရှိတဲ့ စစ်ကောင်စီ ဗျူဟာကုန်းကို သိမ်းယူနိုင်ခဲ့ပြီး ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်သား ၆၀ ကျော် ဖမ်းဆီးခံရတယ်လို့ သတင်းတချို့မှာ ဖော်ပြပါတယ်။

……………………………………