စုံစင်ဖျားရွာတွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့်ဗုံးကြဲ၍ အရပ်သားတစ်ဦးသေ

0
1344

သရက်ချောင်းမြို့နယ်၊ စုံစင်ဖျားရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က MI2 ရဟတ်ယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းကြောင့် အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးသည်ဟု ဒေသခံအချို့က ပြောသည်။

ယနေ့ (မတ် ၄) ညနေ ၄ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ရောက်လာပြီး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စုံစင်ဖျားရွာက အမျိုးသားတစ်ဦးက ပြောသည်။

လေယာဉ်ဖြင့် ဗုံးလာကြဲမှုကြောင့် ခရီးသည်ကားများအားလုံး လမ်းတွင်ရပ်နေစဉ် ထားဝယ်မှမြိတ်ဘက်ကိုဆင်းသည့် ခရီးသည်တင်ကားမှ အမျိုးသမီးတစ်ဦးကို ဗုံးစထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အထက်ပါ အမျိုးသားက ပြောသည်။

“လေယာဉ်ကတော့ တစ်စီးပဲ၊ စုံစင်ဖျားရွာထဲမှာပဲ ဟိုမှာ သုံးလေးလုံး ဒီမှာသုံးလေးလုံး လိုက်ကြဲသွားတယ်၊ ခရီးသည်အမျိုးသမီးကြီးတစ်ဦးသေသွားတယ်၊ အခုကျွန်တော် တို့ မီးသင်္ဂြိုဟ်ကိစ္စကူညီပေးဖို့လုပ်နေတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီလေယာဉ်က ဗုံး ၁၄ လုံးခန့်ကြဲချခဲ့သည်ဟုလည်း မျက်မြင်တွေ့သူများက ဆိုသည်။

စုံစင်ဖျားရွာလယ်လမ်းမကြီးနှင့် ပြင်းဖြူသားရွာလမ်းဆုံ၊ သဲချောင်းသာရွာနေရာများကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထပ်မံသိရှိရသည့် သတင်းများအရ ၁၀ နှစ်က​လေးအပါအဝင် ဒဏ်ရာရသူ ၅ ဦးခန့်ရှိ​ကြောင်းသိရ​သော်လည်း လူ​နေအိမ်နှင့် အရပ်သားထိခိုက်မှု အ​ခြေအ​နေများကို အ​သေးစိတ် အတည်ပြုနိုင်ခြင်း မရှိ​သေး​ပေ။

ပြီးခဲ့သည့် ရက်များက ဝင်းဝနယ်မြေရဲစခန်းကို ထားဝယ်ခရိုင်အမှတ်(၂)တပ်ရင်းက ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်မှုများရှိသလိုပစ်ခတ်မှု အချို့ဖြစ်ပွားမှုများရှိသည်ဟု ဒေသခံအချို့က ပြောသည်။

စုံစင်ဖျားရွာကို စစ်ကောင်စီတပ်က မည်သည့်အတွက်ကြောင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်ကို မသိကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်မြို့နယ် အရှေ့တောဒေသနှင့် သရက်ချောင်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။