ရခိုင်တွင်အပစ်ရပ်ရန် သဘောတူညီခြင်း မရှိဟု AA ပြော

0
954

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ကြား အပစ်ရပ်ရန် သဘောတူညီမှုရသည်ဆိုသည့် သတင်းမှာ မမှန်ကြောင်း AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ယနေ့ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

တရုတ်ကြားဝင် စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အပစ်ရပ်ရန် သဘောတူညီထားသည့် ဟိုင်ဂင်သဘောတူညီချက်နှင့် ပတ်သက်၍ မတ်လ ၁ရက်မှ ၃ရက်အထိ စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင် မဟာမိတ်တို့ တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်၌ နှစ်ဖက်အပစ်ရပ်ရန် သဘောတူညီချက်ရသည်ဟု သတင်းများထွက် ပေါ်နေသည့်အပေါ် ဒေါက်တာညိုထွန်းအောင်က အထက်ပါအတိုင်း တုံ့ပြန်လာခြင်းဖြစ်သည်။

“အခုကျွန်တော်တို့ ဟိုင်ဂင်ကိစ္စကိုဘဲ ဆွေးနွေးတယ်ဆိုတော့ ဟိုင်ဂင်ထဲမှာက ရှမ်းမြောက်မှာရှိတဲ့ AAနဲ့ပဲ (အပစ်ရပ်တာက) သက်ဆိုင်နေတယ်။ ဟို ရခိုင်ပြည်ဘက်မှာရှိတဲ့ AA က မပါသေးဘူးဗျ” ဟု ၎င်းက ပြောဆိုသည်။

တွေ့ဆုံဆွေးနွေးရာတွင် တရုတ်-မြန်မာနယ်စပ်နှင့် ဆက်စပ်သည့် ကိစ္စရပ်များ၊ အွန်လိုင်းငွေလိမ်မှု ကျားဖြန့်များ မရှိစေရေး စသည်တို့ကို ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်မှုမှ ကုန်စည်အပေါ် အခွန်ကောက်ခံမှုတွင် မဟာမိတ်သုံးဖွဲ့က ၇၀ ရာခိုင်နှုန်း၊ စစ်ကောင်စီက ၃၀ ရာခိုင်နှုန်း ယူမည်ဆိုသည့် ကိစ္စမှာလည်း မမှန်ကြောင်း ဒေါက်တာညိုထွန်းအောင်က ဆက်လက် ပြောဆိုသည်။

AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကလည်း လက်ရှိအချိန်မှာ ဆွေးနွေးရမည့်အချိန်မဟုတ်ဘဲ စစ်တိုက်ရမည့်အချိန်ဟု ပြောဆိုခဲ့သည်။

ရခိုင်တွင် တိုက်ပွဲကာလသုံးလကျော်တွင် စစ်ဘေးရှောင်ဒုက္ခသည် သုံးသိန်းကျော်ရှိနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။