တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုရှိ

0
1175

ထားဝယ်အရှေ့တောဒေသ တောင်သုံးလုံးနှင့် ရွှေချောင်းရွာတို့တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့နှင့်စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း KNLA ထံက သိရသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာတွင် နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း KNLA တပ်ရင်း ၂၇ နှင့် တပ်ရင်း ၁၂ ၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ရှစ်ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရကြောင်း ၎င်းက ဆိုသည်။

KNLA နှင့် ပူးပေါင်းတပ်ဖွဲ့ဘက်ကမူ တပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရကြောင်း စောမှူးဂေက ပြောဆိုသည်။

“၂၆ ရက်နေ့ကတော့ နည်းနည်းတော့ ပြင်းထန်တာပေါ့။ သူတို့လည်း လေယာဉ်ပျံ (နဲ့ ဗုံး) လာကြဲ။ ဒါပေမဲ့ လေယာဉ်ပျံ လာကြဲတာမှာ ကျွန်တော်တို့ဘက်က ဘာမှထိခိုက်ဒဏ်ရာရတာမရှိဘူး” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ကျောက်မဲတောင်စခန်းမှ မေတ္တာဗျူဟာစခန်းကို သွားသည့် စစ်ကောင်စီတပ်ဖွဲ့ကို KNLA နှင့် PDF ပူးပေါင်းတပ်များက တောင်သုံးလုံးရွာ၊ ရွှေချောင်းရွာ လမ်းပိုင်းတစ်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၆ ရက် ယင်းနေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်၊ တိုက်လေယာဉ်ဖြင့် တစ်ရက်တည်း နှစ်ကြိမ် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်စစ်ကြောင်းသည် မေတ္တာဗျူဟာစခန်းသို့ သွားရောက်နိုင်ခြင်းမရှိဘဲ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျောက်မဲတောင်စခန်းသို့ ပြန်ဆုတ်ခဲ့ပြီး ပြန်ဆုတ်လာသည့် လမ်းတစ်လျှောက်တွင်လည်း KNLA နှင့်ပူးပေါင်းတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNLA နှင့် ဒေသခံသတင်းအရင်းမြစ်များ၏ ပြောဆိုချက်များအရ သိရသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့တည်းက အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် KNLA/ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေခု့ခြင်းဖြစ်သည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး၊ လက်နက်ငယ် ကျည်စထိမှန်မှုကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

လူနေအိမ်နှင့် ဘာသာရေးအဆောက်အုံထိခိုက်ပျက်စီးမှုများရှိပြီး ကျေးရွာ တစ်ဆယ်ကျော်က ဒေသခံထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်နေသူ ဒေသခံများက ပြောသည်။

“ပြည်သူလူထုကို တိုက်တွန်းချင်တာက စစ်ကောင်စီနဲ့လည်း နီးနီးကပ်ကပ်မနေနဲ့၊ ကျွန်တော်တို့နဲ့လည်း ကပ်နေလို့ မရဘူးပေါ့နော်။ သူတို့ဘာသာပဲ လုံလုံခြုံခြုံရှိတဲ့နေရာတွေကို‌ ရွှေ့ပြောင်းနေစေချင်တယ်။ ရှောင်ပေးစေချင်တယ်” ဟု စောမှူးဂေက ပြောဆိုသည်။

တိုက်ပွဲကြာမြင့်လာသဖြင့် စစ်ဘေးရှောင်ပြည်သူများအတွက် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါး၊ စောင်၊ ခြင်ထောင်တို့လိုအပ်နေပြီး ဖုန်းလိုင်းများဖြတ်တောက်ထားသဖြင့်လည်း သတင်းအချက်အလက်ရဖို့ ခက်ခဲနေကြောင်း စစ်ဘေးရှောင်နေရသူအချို့က ပြောသည်။