တနင်္သာရီနှင့် ပလတွင် စစ်ကောင်စီတပ်ရင်းများ ဗုံးချတိုက်ခိုက်ခံရ၊ လက်နက်ကြီးဖြင့်ပြန်ပစ်သဖြင့် အရပ်သားသေဆုံး

0
1237
ပုံစာ - ပလမြို့ ရဲစခန်းကို ဝေဟင်မှမြင်ရပုံ။ Photo - မြိတ်ခရိုင် တပ်ရင်း ၁

တနင်္သာရီမြို့နယ်နှင့် ပလမြို့တို့ရှိ စစ်ကောင်စီတပ်ရင်း နှစ်ခု၊ ရဲစခန်းတစ်ခုနှင့် စစ်ဆေးရေးဂိတ်တစ်ခုတို့ကို ဖေဖော်ဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ဒေသခံတို့ထံက သိရသည်။

ပလမြို့ ရဲစခန်းအား ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် မွန်းလွဲပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) က ဒရုန်းဖြင့် ဗုံချပြီး စနိုက်ဘာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ရင်းက ထုတ်ပြန်သည်။

“ဒရုန်းနဲ့ ချတဲ့ဗုံးသီးက အဆောက်အအုံတစ်ခုပေါ်ကျတယ်။ ပြီးတော့ စနိုက်ဘာနဲ့ ပစ်တာလည်းရှိသေးတယ်။ အတည်ပြု နိုင်တာက စနိုက်ဘာနဲ့ပစ်တဲ့အထဲမှာ သူတို့ (စစ်ကောင်စီ) ဘက်က တစ်ယောက်ထိမှန်တယ်။ နှစ်ဘက် (အပြန်အလှန်) ပစ်တာတော့ မရှိဘူး။ လက်နက်ကြီးပြန်ပစ်တာပဲ ရှိတယ်” ဟု ယင်းတပ်ရင်း၏ ပြန်ကြားရေး တာဝန်ခံ ရဲဘော်အာနိုး က ပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပလမြို့နယ်၊ ဇာဒီရွာတွင် အမျိုးသားတစ်ဦး ကျည်စထိမှန်သေဆုံးပြီး ပလမြို့တွင်လည်း လက်နက်ကြီးကျည်တစ်လုံး ကျပေါက်ကွဲကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ၎င်းက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်တွင်လည်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ စစ်ကောင်စီတပ်ရင်း ၊ မော်တုန်းရွာအခြေစိုက် အမတ ၃၀၆ စစ်ကောင်စီတပ်ရင်း နှင့် ဗောဓိကမ်းတံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါတပ်ရင်းနှစ်ခုနှင့် ဂိတ်တစ်ခု တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးသဖြင့် ထိခိုက်မှုအသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

သို့သော် စစ်ကောင်စီတပ်၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် တနင်္သာရီမြို့နယ်၊ မရင်းကြီးရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား သုံးဦး ထိခိုက်ဒဏ်ရကြောင်း ဒေသခံရွာသားများက ပြောသည်။

“လက်နက်ကြီးထိတဲ့ မရင်းကြီးရွာနဲ့ အမတ၃၀၆ က တောင်ကုန်း ခြားနေသေးတယ်။ အဲဒါတောင် လက်နက်ကြီးကျတယ်” ဟု မော်တုန်းရွာသားတစ်ဦးက ပြောပြသည်။

ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည့် တပ်ရင်းနှင့်စခန်းပတ်ဝန်းကျင်ရှိ ကျေးရွာများကို ဖေဖော်ဝါရီလ ၂၈ ရက်ညနေပိုင်းအထိ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်နေဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ရွာသားများထံမှ သိရသည်။