ထားဝယ်တွင် မိုင်းနင်းမိပြီး သေဆုံးနေသည့် အမျိုးသားအလောင်းတွေ့

0
1167

ထားဝယ်တွင် မိုင်းနင်းမိပြီး သေဆုံးနေသည့်အမျိုးသားအလောင်းတွေ့ကြောင်း ဒေသခံများထံမှသိရသည်။

သေဆုံးနေသူမှာ အသက် ၄၀ ကျော်အရွယ်ရှိ ဦးကျော်ကျော်ဌေးဖြစ်ပြီး ထားဝယ်မြို့နယ် ဇဟာရွာသား ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက် နံနက်ပိုင်းတွင် ဇဟာရွာအရှေ့ဘက်ရှိ ၎င်း၏ ဥယျာဉ်ခြံအနီးတွင် ခြေထောက်ပြတ်ထွက် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ခြံထဲသွားတာ နှစ်ရက်သုံးရက်ကြာတဲ့အထိ ပြန်မလာလို့သွားကြည့်တော့ သေနေတာတွေရတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလောင်းကို အရေးပေါ်ကားဖြင့် လာရောက်သယ်ယူသွားပြီးနောက် နေအိမ်သို့ ပြန်သယ်ကာ သင်္ဂြိုဟ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီ လ ၁၂ ရက်နေ့ကလည်း ဇဟာရွာအနီးတွင် အသက် ၄၀ ကျော်အရွယ်ရှိ ဇဟာရွာသား ကိုနီလေးထွန်း ဆိုသူလည်း ၎င်း၏ ဥယျာဉ်ခြံအနီး မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလအတွင်း မြေမြှုပ်မိုင်းနင်းမိသောကြောင့် သေဆုံးသူနှစ်ဦးရှိပြီး ဒဏ်ရာရသူ သုံးဦးအထိ ရှိလာသည်။ ဒဏ်ရာရသူသုံးဦးထဲတွင် ကလေးငယ်တစ်ဦး ပါဝင်သည်။