လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကင်းရှေ့နှင့် ကြာအင်းရွာက နေအိမ်အချို့ပျက်စီး

0
1079

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာနှင့် ကြာအင်းရွာတို့တွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၂၇ ရက် ညသန်းခေါင်အချိန်တွင် ကင်းရှေ့ရွာနှင့် ကြာအင်းရွာဘက်ကို ရောင်းမော်ရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ကြာအင်းရွာတွင် နေအိမ်သုံးလုံးနှင့် ကင်းရှေ့ရွာတွင် နေအိမ်သုံးလုံး လက်နက်ကြီးကျည်စထိမှန် ပျက်စီးပြီး လူထိခိုက်မှုမရှိကြောင်း ၎င်းတို့က ပြောဆိုသည်။

“လက်နက်ကြီးပစ်တာ လေးငါးလုံးလောက်ရှိတယ်။ ရွာသားတွေလည်း မနေရဲလို့ တခြားကို ထွက်ပြေးနေကြတယ်” ဟု ကြာအင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ရွာထဲသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ ဆိုသည်။

“ညဘက်ဆို ဘုန်းကြီးကျောင်းမှာ စုအိပ်ကြတာဆိုတော့ လူထိခိုက်မှု မရှိဘူးလို့ပြောတယ်” ဟု ကင်းရှေ့ရွာက ထွက်ပြေးလာသည့် ဒေသခံအမျိုးသမီးတစ်ဦး၏ အစ်မဖြစ်သူက ပြန်လည်ပြောပြသည်။

ဖေဖော်ဝါရီလ ၄ ရက်ကလည်း ကင်းရှေ့ရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းလက်နက်ကြီးကျည်စထိမှန်သဖြင့် အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ဖေဖော်ဝါရီလ ၁၁ ရက်က ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် ရော်ဘာခြစ်သွားသည့် ကင်းရှေ့ရွာက အသက် ၄၀ ကျော်အရွယ်အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ယင်းအပြင် ဖေဖော်ဝါရီလ ၁၅ ရက်က လည်း ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦး မြေမြှုပ်မိုင်းနင်းမိသဖြင့် ဒဏ်ရာအပြင်းအထန်ရခဲ့သေးသည်။