မြိတ်၊တောင်ရှည်ရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီဖမ်းဆီး

0
3817

မြိတ်မြို့နယ် ၊ တောင်ရှည်ကျေးရွာအုပ်စု ၊ တောင်ရှည်ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးညွန့်ဝင်း ကို ဖေဖော်ဝါရီလ ၂၂ ရက်က စစ်ကောင်စီကဖမ်းဆီးသွားကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။

မြိတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်အစည်းအဝေးလာတက်စဥ် စရဖနှင့်သတင်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းရန်ဟုဆိုကာ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။

ဦးညွန့်ဝင်း သည် အာဏာသိမ်းပြီးနောက်အုပ်ချုပ်ရေးမှူးဖြစ်လာသူဖြစ်ပြီး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းမခံရမီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခေါ်ယူသတိပေးခြင်းခံခဲ့ရသေးကြောင်း ဒေသခံများကပြောပြသည်။

“ PDF တွေခေါ်သတိပေးပြီး ပြန်လွှတ်လိုက်တာကို PDF နဲ့အဆက်သွယ်လုပ်တယ်ဆိုပြီး ဖမ်းတယ်လို့ သိထားတယ် “ ဟု အသက်၂၄ နှစ်အရွယ် ရှိ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဦးညွန့်ဝင်းကို မြိတ်မြို့ရှိ စစ်ကြောရေးစခန်းတစ်ခု တွင် ၄ ရက်ကြာစစ်ဆေးပြီးနောက် မြိတ်ထောင်သို့ ဖေဖော်ဝါရီလ ၂၆ ရက်က ပို့ဆောင်လိုက်ကြောင်း သိရပြီး နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။