မဲဆောက်တွင် သေနတ်နှစ်လက် သယ်လာသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
779

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် သေနတ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

သေနတ် ၂ လက် ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားကို တရားမဝင် လက်နက်ကိုင်ဆောင်မှုဖြင့် ထိုင်းတပ်မတော်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရေးသားသည်။

ဖမ်းဆီးခံရသူသည် ရှမ်းပြည်နယ်မြောက်ပိုင်း လာရှိုးမြို့ဇာတိဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့တွင် အလုပ်လုပ်နေသည်မှာ ၇ နှစ် ရှိပြီဖြစ်ကြောင်း အဆိုပါမြန်မာနိုင်ငံသားက ထွက်ဆိုကြောင်း သတင်းများတွင် ဖော်ပြသည်။

ထိုင်းနယ်ခြားစောင့်တပ်များက မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၁) တံတားအနီးတွင် ကင်းလှည့်နေစဉ် မသင်္ကာ သဖြင့် အဆိုပါ မြန်မာနိုင်ငံသားကို စစ်ဆေးရာမှ လက်နက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသား၏ ကျောပိုးအိတ်ထဲမှ ပစ္စတို ၂ လက်နှင့် ကျည်ဆံ ၃၃ တောင့်ကို တွေ့ရှိခဲ့သဖြင့် သိမ်းဆည်းခဲ့ကြောင်း ဆိုသည်။

သေနတ်တစ်လက်လျှင် ဘတ်ငွေ ၃၀၀၀၀ ဖြင့် မြဝတီမြို့က ဝယ်ယူခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့တွင် အလုပ်ရှားလာသဖြင့် ထိုင်းဘက်သို့ ကူးလာခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံသား၏ ထွက်ဆိုကြောင်း ထိုင်းရဲတပ်ဖွဲ့ ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းများတွင် ဖော်ပြသည်။

အဆိုပါမြန်မာနိုင်ငံသားကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် မဲဆောက်ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Thai Post, Siamrath