ထားဝယ်အရှေ့တောဒေသတိုက်ပွဲတွင် ဒေသခံလေးဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရ

0
1157

ထားဝယ် အရှေ့တော‌ဒေသတွင်ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း ကျေးရွာတို့က ဒေသခံလေးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ဆယ်ဦးခန့်ရှိကြောင်း ဒေသခံအချို့က ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်မှ ၂၇ ရက်အထိ တောင်သုံးလုံး၊ ရွှေချောင်းရွာတစ်ဝိုက်တွင် စစ်ကောင်စီစစ်ကြောင်းနှင့် ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူးပေါင်းစစ်ကြောင်းတို့ နှစ်ဖက်တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားသည်။

ကျောက်မဲတောင်ရဲစခန်းရှိ စစ်ကောင်စီစခန်းနှင့် မေတ္တာဗျူဟာစခန်း၊ စစ်ကောင်စီတပ်စစ်ကြောင်းတို့က တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာဘက်သို့လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသလို ဖေဖော်ဝါရီလ ၂၆ ရက်တွင် လေကြောင်းဖြင့် နှစ်ကြိမ် ဗုံးလာကြဲခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် လက်နက်ကြီးကျည်စထိမှန်ကာ တောင်သုံးလုံးရွာသားနှစ်စ်ဦးသေဆုံးပြီး ကျောက်မဲတောင်ရွာက ဒေသခံတစ်ဦးလည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးကြောင်း ဒေသခံအချို့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့တို့က ပြောသည်။

“တောင်သုံးလုံးရွာသားတစ်ယောက်က လက်နက်ကြီးအစမှန်ပြီးသေတာ။ တစ်ယောက်က လေယာဉ်နဲ့ဗုံးကြဲတာမှာ အစ လာစင်ပြီးသေတာလို့ပြောတယ်” ဟု အလောင်းကို ကူညီသင်္ဂြိုဟ်ပေးခဲ့သည့် ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

လက်နက်ကြီးထိမှန်သဖြင့် ထိခိုက်ဒဏ်ရာရသူများရှိသလို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့်လည်း ကျည်စထိမှန်သဖြင့် ဒေသခံ ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံတို့က ဆိုသည်။

မေတ္တာမြို့ရှိ စစ်ကောင်စီဗျူဟာစခန်းသို့ သွားရောက်သည့် စစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းတို့က ကြားဖြတ်တိုက်ခိုက်ရာမှာ အရှေ့တောဒေသတွင် တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းမှာ မေတ္တာဗျူဟာသို့ ဆက်လက် မသွားရောက်နိုင်တော့သဖြင့် ကျောက်မဲတောင်စခန်းသို့ ပြန်ဆုတ်လာကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့နှင့် ဒေသခံအချို့တို့က ဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်ညပိုင်းတွင် ဒေသခံ ၁၃၀ ခန့်ကို စစ်ကောင်စီတပ်က လူသားဒိုင်းသဖွယ်ဖမ်းဆီးထိန်းသိမ်းထားပြီး ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် အမျိုးသား လေးဦးမှလွဲ၍ ကျန်လူများအားလုံးကို ပြန်လွှတ်ပေးခဲ့သည်ဟု ၎င်းတို့က ပြောသည်။

ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံ လေး ဦးကို ဖေဖော်ဝါရီလ ၂၇ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကျောက်မဲတောင်ရဲစခန်းသို့ အရောက်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း တောင်သုံးလုံးရွာက အမျိုးသားတစ်ဦးနှင့် ရွှေချောင်းရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းသို့ ပြန်လွတ်လာသူသုံးဦးမှာ တစ်လမ်းသွားပြီး နောက်တစ်ဦးတည်းက တစ်လမ်းခွဲထွက်ပြန်လာရာ လမ်းပိုင်းတနေရာတွင် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

တိုက်ပွဲကြောင့် ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ မေတ္တာ၊ ပျည်းသားတော၊ ဟိန္ဒူးချောင်း အပါအဝင် ကျေးရွာ တစ်ဆယ်ကျော်က ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများလိုအပ်နေကြောင်း စစ်ဘေးရှောင်ဒေသခံအချို့က ပြောသည်။

“ကျွန်မတို့နားမှာတော့ လူနှစ်ရာ့ငါးဆယ် သုံးရာလောက်ရှိတယ်။ ဝကုန်းနဲ့ ပျည်းသားတောဘက်ကတွေပေါ့။ နေမကောင်းတဲ့ လူတွေလည်းရှိတယ်။ ဝမ်းပျက်ဝမ်းလျှောနေတဲ့ လူတွေလည်းရှိတယ်” ဟု လျိုမြောင်တောတောင်တွေထဲ စစ်ဘေးရှောင် နေရသည့် ဝကုန်းရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နေရာနှင့် အနီးတဝိုက်ကကျေးရွာများတွင် ဖုန်းလိုင်းပြတ်တောက်နေပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် သတင်းအချက်အလက်ရရှိရေးအတွက် ခက်ခဲနေကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု၊ လေကြောင်းတိုက်ခိုက်ခံရမှုတို့ကြောင့် မေတ္တာကျေးရွာက နေအိမ် သုံးလုံး၊ ကျောက်မဲတောင်ရွာက ဆားဒိုးဝါးဆေးရုံ၊ တောင်သုံးလုံးရွာက ဓမ္မရသရိပ်သာဘုန်းကြီး ကျောင်း၊ ဗလီတစ်လုံး၊ ဝကုန်းနှင့် ရွှေချောင်းရွာက လူနေအိမ်နှင့် စာသင်ကျောင်းဆောင်တို့ ထိခိုက်ပျက်စီးကြောင်း ဒေသခံတို့ထံမှ သိရသည်။

လူထိခိုက်မှုနှင့် နေအိမ်၊ အဆောက်အအုံထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကို Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဖေဖော်ဝါရီလ ၁၇ ရက်မှ ၂၇ ရက်အထိ သင်္ကန်းတုံး၊ ဝကုန်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံး၊ ရွှေချောင်း၊ ဟိန္ဒား ကျေးရွာများနှင့် မေတ္တာမြို့တို့တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည်။