အရှေ့တောဒေသက စရဖတပ်ဖွဲ့ဝင်နှစ်ဦး KNLA ထံ လက်နက်ချ၊ ဝန်ထမ်း ၃ ဦးလည်း လာရောက်ခိုလှုံ

0
1166

မေတ္တာနယ်မြေရဲစခန်းက စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)နှစ်ဦး KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်)ထံ လက်နက်ချခဲ့ပြီး စစ်ကောင်စီဝန်ထမ်းသုံးဦးလည်း လာရောက်ခိုလှုံခဲ့ကြောင်း KNLA ထံမှသိရသည်။

စရဖတပ်ဖွဲ့က တပ်ကြပ်ကြီးအဆင့်ရှိ ကိုအောင်အောင်နှင့် တပ်သားအဆင့်ရှိ ကိုဝဏ္ဏဇော်တို့ နှစ်ဦးအပါအဝင် မေတ္တာမြို့စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းသုံးဦးတို့ ဖေဖော်ဝါရီလ ၂၅ ရက်ခန့်က KNLA ထံလာရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

လက်နက်ချအညံ့ခံခဲ့သူများကို နောက်တန်းပို့ထားပြီး ရာထူးနှင့်အမည်စာရင်း အသေးစိတ်ကို မသိကြောင်း KNU တပ်မဟာ(၆) တပ်ရင်း(၂၇)နှင့် တပ်မဟာ(၄) KNLA တပ်ရင်း(၁၂)၏ တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

“သူတို့အဲ့ဒီမှာ နေဖို့ထိုင်ဖို့ သိပ်အဆင်မပြေလို့ကျွန်တော်တို့ဆီလာပြီးတော့ လက်နက်ချတာ။ သူတို့ကစစ်မတိုက်ချင်လို့ ပြီးတော့ ဒီလိုမျိုးအခက်အခဲတွေကို မလုပ်ချင်လို့ပေါ့နော်၊ စစ်ကောင်စီထဲမှာမနေချင်လို့ အဲ့လိုမျိုးလက်နက်ချတာပေါ့နော်” ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

အင်အား ၃၀၀ ခန့်ရှိသည့် စစ်ကောင်စီတပ်နှင့် ကား ၁၇ စီးပါသည့် စစ်ကောင်စီယာဉ်တန်းကို KNLA၊ PDF၊ KTLA ပူးပေါင်းတပ်များက သင်္ကန်းတုံး၊ ဝကုန်းနှင့် ကျောက်မဲတောင်ရွာကြားတွင် ဖေဖော်ဝါရီလ ၁၇ ရက်ကနေ ၂၁ ရက်နေ့အထိ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ကား ၁၂ စီးပျက်စီးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဆယ်ကျော်သေဆုံးကြောင်း KNLA တပ်ဖွဲ့ထံက သိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ဟိန္ဒားရွာထိပ်က စစ်ကောင်စီတပ်စခန်းနှင့် မေတ္တာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့်ခွာခဲ့ကြပြီး ယင်းစခန်းနှစ်ခုစလုံးကို KNLA နှင့် ပူပေါင်းတပ်ဖွဲ့က မီးရှို့ဖျက်ဆီးလိုက်သည်။

ဟိန္ဒားရွာကစစ်ကောင်စီတပ်ဖွဲ့မှာ ကျောက်မဲတောင်ရွာ စခန်းနှင့် အင်အားပူးပေါင်းလိုက်ပြီး မေတ္တာနယ်မြေရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့မှာ မေတ္တာဗျူဟာစခန်းနှင့် အင်အားပူးပေါင်းလိုက်သည်။

အထက်ပါ ဖြစ်စဉ်များဖြစ်ပွားပြီးသည့်နောက် မေတ္တာနယ်မြေရဲစခန်းက စရဖတပ်ဖွဲ့ဝင်နှစ်ဦး KNLA ထံ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်ဟု KNLA တပ်ရင်းမှူးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၊ စရဖတပ်ဖွဲ့ဝင်နှစ်ဦးနှင့် နီးစပ်သည့် သတင်းအရင်းမြစ်များက အတည်ပြုပြောဆိုသည်။

စရဖတပ်ဖွဲ့ဝင် ဝဏ္ဏဇော်မှာ ထားဝယ်-ထီးခီးလမ်းပိုင်းတွင် ထိုင်းနိုင်ငံကို တရားမဝင်သွားသည့် (ဘော်လုံး)ကားများနှင့် ပြည်သူတချို့ထံက ငွေကြေးအတောင်းအရမ်းကြမ်းသည်ဟု ဒေသခံအချို့က ပြောသည်။

“သေခါနီးမှလက်နက်ချတာလို့ပဲမြင်တယ်၊ သူတို့ဘက်က အခြေအနေမဟန်လို့ လက်နက်ချပူးပေါင်းတာ” ဟု စရဖတပ်ဖွဲ့ဝင်နှစ်ဦးအကြောင်း သိသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၅ ရက်ကနေ ၂၆ ရက်နေ့အထိ တောင်သုံးလုံးရွာနှင့် ရွှေချောင်းရွာလမ်းတလျောက်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး ၂၆ ရက်တွင် စစ်ကောင်စီတပ်က F8W တိုက်လေယာဉ်ဖြင့်ပါ နှစ်ကြိမ်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။

ဖေဖော်ဝါရီလ ၂၁ ရက်ကလည်း ဝကုန်း၊ ကျောက်မဲတောင်ရွာကြားကို စစ်ကောင်စီတပ်က Mi 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သေးသည်။