မော့ကနင်ရွာတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အရပ်သားတစ်ဦးဒဏ်ရာရ

0
880

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မော့ကနင်ကျေးရွာကို စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားတစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရပြီး နေအိမ်တစ်လုံးပျက်စီးကြောင်း ဒေသခံတို့ ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ရေးမြို့နယ်၊ မော့ကနင်ကျေးရွာထဲကို တော်လှန်ရေး အင်အားစု ပူးပေါင်းတပ်ဖွဲ့တို့ အင်အားဖြင့် ဝင်ရောက်လာခဲ့ကြောင်း ကျေးရွာခံတို့မှ သိရသည်။

ယင်းနောက် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးရှိ နိုင်ငံတော်အလံကို ဖြုတ်ချပြီး မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာ အတွင်း သေနတ်ပစ်ဖောက်ခဲ့ကြောင်း ရွာခံတို့က ပြောသည်။

ယင်းသို့ သေနတ်ပစ်ဖောက်ပြီးနောက် မော့ကနင်အခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ရင်းက လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ကြောင်း ၎င်းတို့က ဆိုသည်။

လက်နက်ကြီးကျည်သည် ရွာအတွင်းရှိနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိသွားခဲ့သလို နေအိမ်လည်း ထိခိုက်ပျက်စီးသွားကြောင်း ရွာခံတို့က ပြောဆိုသည်။

“သူတို့ (PDF) ရွာထဲ ဝင်လာပြီးတော့ သေနတ်တွေလည်း ပစ်ဖောက်တယ်။ အုပ်ချုပ်ရေးမှူးရုံးရှေ့က အလံကိုလည်း မီးရှို့ သွားတယ်။ အဲဒီလိုဖြစ်ပြီးတော့ တပ်ရင်းဘက်က လက်နက်ကြီးနဲ့ ပစ်လာတယ်။ အိမ်ပေါ်ကျသွားတော့ အိမ်က တော်တော်က ပျက်စီးသွားတယ်။ လူလည်း တစ်ယောက်ထိသွားတယ်” ဟု မော့ကနင် ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ကလည်း တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ တို့က ကားဖြင့် မော့ကနင်ကျေးရွာထဲ ဝင်ရောက်လာခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း အုပ်ချုပ်ရေးမှူး ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အတွက် ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ။

မော့ကနင်ကျေးရွာအုပ်ချုပ်ရေးမှူးသည် လက်နက်အားကိုးပြီး ပြည်သူကို အနိုင်ကျင့် ငွေကြေးတောင်းခံခြင်း၊ လောင်းကစားဝိုင်းဖွင့်ခြင်း၊ PDF များကို စိန်ခေါ်ခြင်းများအပြင် နှစ်ကရင်ရွာ လေယာဉ်ဗုံးကြဲခံရမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်နေသည် ဟု ပြည်သူတို့၏ တိုင်တန်းချက်များအရ ဖမ်းဆီးရန်လုပ်ဆောင်ခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF (ဒေါနတပ်ခွဲ-၃) က ထုတ်ပြန်ထားသည်။

ယင်းနေ့က စစ်ကောင်စီ မော့ကနင်ကျေးရွာအခြေစိုက် ခလရ ၁၀၆ တပ်ရင်း၏ ဗဟိုကင်း ကိုလည်း RPG ဖြင့် ပစ်ခတ် ခဲ့သေးကြောင်းလည်း ထုတ်ပြန်ထားသည်။