အာဏာရှင်အောက် ၃ နှစ်တာ (၂)

0
928

စစ်တပ်က အာဏာသိမ်းထားသည်မှာ ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

အာဏာသိမ်းကာလအတွင်း အခြေခံလူတန်းစားမှ စီးပွားရေးလုပ်ငန်းရှင်များအထိ လူထုလူတန်းစား အလွှာပေါင်းစုံမှာ ထိခိုက်မှုအမျိုးမျိုး ကြုံတွေ့နေရသည်။

အာဏာရှင်လက်အောက် ၃ နှစ်တာအတွင်း ပျက်စီးသွားသည့် မိသားစုဘဝများ၊ ပညာသင်ယူခွင့်ဆုံးရှုံးသွားရသည့် ကလေးများ၊ ပြိုကျသွားသည့် စီးပွားရေးလုပ်ငန်းများ၊ မရေရာတော့သည့် အနာဂတ်များ စသဖြင့်ဆိုးကျိုးများစွာဖြင့် ပြည်သူများအပေါ် သက်ရောက်မှုက ကြီးမားလှသည်။

ယင်းအပြင် စားဝတ်နေရေးအကျပ်အတည်းနှင့် ပဋိပက္ခဒဏ်ကြောင့် မွေးရပ်မြေကိုစွန့်ခွာကာ စစ်ဘေးရှောင် နေရသူများ၊ တစ်နယ်တစ်ကျေး ပြောင်းရွှေ့အခြေချနေရသူ အရေအတွက်မှာ ကြောက်ခမန်းလိလိ တိုးလာနေသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ရှိနေသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် အရေအတွက်မှာ ၂ ဒသမ ၆ သန်း (၂၆သိန်း) ကျော်ရှိလာပြီဖြစ်သည်။

ထိုအပြင် ပြည်သူများ၏ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကလည်း အဆက်မပြတ်ဖြစ်နေပြီး အမှောင်ဖုံးသည့် နေ့ရက်များကို ဖြတ်သန်းနေရသည်။

ယင်းကြောင့် စစ်တပ်အာဏာမသိမ်းမီအချိန်ကာလနှင့် အာဏာသိမ်းပြီး သုံးနှစ်အကြာ ပြည်သူ့များ၏ အခြေခံ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“ငါတို့ပြည်သူတွေရဲ့အသက်က တန်ဖိုးမရှိဘူး မြန်မာနိုင်ငံမှာက ကြက်ကလေး ငှက်ကလေးတွေလိုပဲ”

ဥယျာဉ်ခြံပိုင်ရှင်တစ်ဦး တနင်္သာရီမြို့နယ်

DW ။ အာဏာသိမ်းတဲ့နေ့ မနက်စောစော အိပ်ရာထတော့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။ စိတ်ထဲ ဘယ်လိုခံစားလိုက်ရလဲဆိုတာကို အကျဉ်းချုပ်ပြောပြပါလား။

ဖြေ ။ အဲဒီနေ့ကလား။ သတင်းကြားကြားချင်း ရှော့ရသွားတာပေါ့။ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး ကြားကာစက မယုံဘူး။ လုံးဝကိုမယုံတာ။ လက်ဖက်ရည်ဆိုင်ရောက်တော့ ဟိုလူပြော ဒီလူပြော ပြောနေကြပြီ။ (စစ်‌ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကတော့ အာဏာ တကယ်သိမ်းလိုက်လားဆိုပြီး ရှော့ရသွားတာပေါ့။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဘဝမှာ ကြီးကြီးမားမားပြောင်းလဲသွားတာ ဘာရှိမလဲ။ ဘာကြောင့်ဒီလိုကွာခြားသွားတယ်လို့ ထင်လဲ။

ဖြေ ။ ပြောင်းလဲတာတွေကတော့ အများကြီးပေါ့။ လူတိုင်းလည်း သိနေကြတာပဲလေ။ ကျွန်တော်အနေနဲ့ ဆိုရင်တော့ ရွာမှာအရင်လိုနေလို့ မရတော့ဘူးဗျာ။ အရင်တုန်းက သဘာဝပတ်ဝန်းကျင်တို့၊ မြေယာကိစ္စ နဲ့ပတ်သက်ပြီး အရပ်ဖက်အဖွဲ့အစည်းကလူတွေနဲ့ အတူတွဲပြီး လုပ်ခဲ့တာတွေရှိတော့ကိုယ့်ကိုကြည့်မရ တာတွေရှိမှာပေါ့။ အခုဆိုရင် သူများခြံငှားပြီး ဒီကိုပြောင်းလာတာ အာဏာသိမ်းပြီးကတည်းကပဲ။ အခုဆို နှစ်နှစ်ကျော်ပြီ ဒီမှာနေတာ။ ခြံထဲမှာနေ ခြံထဲမှာစား။ ဝယ်ခြမ်းစရာရှိမှပဲ တစ်ခါ ရွာထဲသွားဖြစ်တာ။

DW ။ စီးပွားရေး၊လူမှုရေး အခြေအနေတွေကရော ဘာတွေပြောင်းလဲသွားလဲ။ဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ စီးပွားရေးတွေ ပစ်ပြီးပြေးလွှားနေရတာပေါ့။ သူများတွေလိုမျိုး နိုင်ငံခြားလည်း ထွက်ပြီး အလုပ်လုပ်နိုင်တဲ့အရွယ်မဟုတ်ဘူး။ ကိုယ့်ထဲမှာပဲနေပြီး သူများခြံလေးငှားပြီး လုပ်ကိုင်စားသောက် နေရတာပေါ့။ အဲဒါအခုမှ ကွမ်းသီးဈေးလေးနည်းနည်းတက်လာလို့ အသက်ရှူချောင်တာ။ အရင်က ကွမ်းသီးဝယ်မယ့်သူမရှိလို့ ဒုက္ခဖြစ်တာအကြီးအကျယ်ပဲ။ ဖုန်းဘေလ်တောင်မဝယ်ထည့်နိုင်ဘူး။ အာဏာသိမ်းလိုက်မှပဲ ကွမ်းသီးဝယ်သမားမရှိဘူးဆိုတာ ကြားဖူးတော့တာပဲ။

DW ။ အခုဆိုရင် အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့အခြေအနေမှာ ဘာပြောချင်လဲ။

ဖြေ ။ တိုက်ပွဲတွေကြားထဲမှာ‌တော့ ဘယ်သူကနေချင်မှာလဲမဟုတ်ဘူးလား။ အေးအေးချမ်းချမ်းပဲ နေချင်တာ ပေါ့။ အခုက ငါတို့ပြည်သူတွေရဲ့အသက်က တန်ဖိုးမရှိဘူး မြန်မာနိုင်ငံမှာက။ ကြက်ကလေး ငှက်ကလေးတွေ လိုပဲ။ လမ်းသွားရင်တောင် ခေါင်းငုံ့ပြီးသွားတဲ့ခေတ်မဟုတ်တော့ဘူး။ ဘယ်နေ့ ကိုယ့်ခေါင်းပေါ် ကျည်ဆံ ကျလာမလဲ ကောင်းကင်ကိုကြည့်ပြီးသွားနေရတဲ့ခေတ်ဖြစ်နေပြီ။ အဲလိုခေတ်မျိုး ဘယ်သူဖြစ်ချင်မလဲ။

DW ။ နောက်လာမယ့်ကာလတွေမှာရော ဘယ်လိုကြုံတွေ့ရမယ်လို့ မျှော်မှန်းထားလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။

ဖြေ ။ ဘာမှပြင်ထားတာမရှိဘူး။ အိတ်တစ်လုံးပဲရှိတယ်။ နေလို့ မရဖြစ်လာရင် ပြေးမယ်။ ရှောင်သင့် ရှောင် မယ်။ ဒီရွာမှာ နေမရရင်နောက်ရွာပြောင်းမယ်။ အဲဒါပဲရှိတယ်။ ဒီပွဲ( နိုင်ငံရေးပဋိပက္ခ) မြန်မြန်ပြီးစေချင်တယ်။ ဒါပေမဲ့ ငါအခု အသက် ၆၀ နားနီးနေပြီ။ ငါသေတဲ့အထိ ပြီးပါ့မလား။

DW ။ ကျေးဇူးတင်ပါတယ်။

“အာဏာမသိမ်းရင် အခုဆို သမီးလည်း ဆယ်တန်းအောင်နေပြီ”

အိမ်မီးရှို့ခံရသည့် အမျိုးသမီးတစ်ဦး၊ လောင်းလုံးမြို့နယ်

DW ။ အာဏာသိမ်းတဲ့နေ့ မနက်စောစော အိပ်ရာထတော့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။ စိတ်ထဲ ဘယ်လိုခံစားလိုက်ရလဲဆို အကျဉ်းချုပ်ပြောပြပါလား။

ဖြေ ။ မသိဘူးအဲဒီတုန်းက။ ဆန္ဒပြပွဲတွေဖြစ်မှသိတာ။ ဘယ်အချိန်စသိလဲဆိုတော့ ဈေးမှာသိတာ။ ဈေးမှာ မနက်စောစော အဲမှာပြောနေကြတာကြားရတယ်။ စစ်တပ်အာဏာသိမ်းလိုက်ပြီပေါ့။ အဲလိုပြောနေတာ ကြားရတယ်။

DW ။ အဲလိုကြားတဲ့အချိန် ဘယ်လိုခံစားရလဲ။

ဖြေ ။ အဲလိုမျိူးမသိဘူး။ သံပုံးတီးကြတယ်မလား။ ညဆိုရင်လေ။ အဲမှာလိုက်တီးတာ။ အဲကနေပဲ ဆန္ဒပြပွဲ‌လိုက်ဖြစ်သွားတာ။ အိမ်နားက လူတွေသွားတာကျွန်မလည်း လိုက်တယ်။ သံပုံးတီးလောက်နဲ့မထူးဘူး လူကိုယ်တိုင်လိုက်မယ်ဆိုပြီးလိုက်ဖြစ်သွားတာပဲ။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဘဝမှာ ကြီးကြီးမားမားပြောင်းလဲသွားတာ ဘာရှိမလဲ။

ဖြေ ။ ပြောင်းလဲသွားတာကလား။ အဲမှာလေ အိမ်မီး‌ရှို့ခံလိုက်ရတာ။ ပထမ ဆိုင်မီးရှို့ခံရတယ်။ စားသောက်ဆိုင်ရောင်းတာကိုး ကျွန်မက။ ပွဲတွေမှာ(ဇာတ်ပွဲ) လည်း လိုက်ရောင်းတယ်လေ။ ရွာထဲက ဒလန်ပေါ့ သတင်းပေးလို့ပေါ့။ ဆန္ဒပြပွဲမှာပါတယ်ဆိုပြီး။ အဲမှာမီးရှို့ခံရတာဆိုင်က။ ဆိုင်မီးရှို့ခံရတာက အခုဆို ၂ နှစ်လောက်ရှိပြီ။ ဒါပြီးတာနဲ့ ကျွန်မက ထိုင်းကိုသွားမယ်ဆိုပြီးစီစဉ်တာ။ အဲဒီတုန်းက ကျွန်မယောကျ်ားက ထောင်ထဲမှာ ( ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ထောင်ကျနေခြင်းဖြစ်သည်)။ သူထောင်ထဲမှာဆိုတော့ သွားတွေ့ဖို့ လူမရှိဘူး။ အဲဒါနဲ့မသွားဖြစ်ဘူး။ သူထောင်ကလွတ်မှ သူ(ထိုင်းကို)ဆင်းသွားလိုက်တာ။ အရင်းအနှီးပြန်ရအောင် လုပ်ရအောင်ဆိုပြီး ဆင်းသွားတာ။ အဲဒါပြီး ကျွန်မက အိမ်မှာကျန်ခဲ့တယ်။ ဆင်းလိုက်မလို့ လုပ်နေတာ။ အဲမှာ ရွာမှာတိုက်ပွဲတွေဖြစ်နေတော့ မဆင်းလိုက်ဖြစ်တော့ဘူးတစ်ခါ။ မနှစ်က‌ပေါ့။ အဲမှာတစ်ခါတည်း အိမ်ပါမီးရှို့ခံရတဲ့အထဲ ပါသွားတာ။

DW ။ စီးပွားရေး၊လူမှုရေး အခြေအနေတွေကရော ဘာတွေပြောင်းလဲသွားလဲ။

ဖြေ ။ စီးပွားရေးက ဘာမရှိတော့ဘူးလေ။ ဆိုင်မီးရှို့ မခံရရင်တောင်မှ စီးပွားရေးကပျက်သွားပြီ။ ပွဲတွေလမ်းတွေလည်း မရှိတော့ဘူးလေ။ အဲဒီကတည်းက ပျက်နေပြီကိုး။

DW ။ ဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ စီးပွားရေးကမရှိ၊ သားသမီးတွေလည်း ကျောင်းမနေရဘဲနဲ့ အခုဆို အသက်ကြီးလာနေပြီ။ စီးပွားရေးမရှိတော့ သူများ‌တွေမျိုးလည်း မြို့မှတက်မထားမနိုင်ဘူး။ သူ့အဖေကတော့ ကျောင်းထားပေးဖို့ ပြောနေတယ်။ သူ့မှာကလည်း (ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်)ဘတ်လုပ်ရတာနဲ့ အကြွေးတွေတင်နေတာ။ အာဏာသိမ်းလိုက်ပြီးကတည်းပဲ အဆင်မပြေတော့တာ။ အာဏာမသိမ်းရင် အခုဆို သမီးလည်း ဆယ်တန်းအောင်နေပြီ။ သူကကွန်ပျူတာဝါသနာပါတာ။ ကွန်ပျူတာတက္ကသိုလ်တက်မယ် ပြောနေတာ။ အခုဘယ်ကကွန်ပျူတာနိုင်တော့မလဲ။

DW ။ ဘာများဖြည့်စွက်ပြောချင်တာရှိသေးလဲ။

ဖြေ ။ အာဏာသိမ်းထားတာကလည်း ကြာကကြာနေပြီ။ လူတွေလည်း မခံနိုင်တော့ဘူး။ ကိုယ့်ထမင်းတောင် ကိုယ်ရှာစားမနိုင်တော့ဘူး။ မြန်မြန်ပြီးချင်နေပြီ။

DW ။ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

“ဖြတ်သန်းခဲ့သမျှ ဒီကာလကတော့ အဆိုးရွားဆုံးနဲ့ကြောက်စရာအကောင်းဆုံးပဲလို့ ထင်တယ်”

ထားဝယ်တက္ကသိုလ်တတိယနှစ်ကျောင်းသားတစ်ဦး၊ သရက်ချောင်းမြို့နယ်
(ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသူ)

DW ။ အာဏာသိမ်းတဲ့နေ့ မနက်စောစော အိပ်ရာထတော့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။ စိတ်ထဲ ဘယ်လိုခံစားလိုက်ရလဲဆို အကျဉ်းချုပ်ပြောပြပါလား။

ဖြေ ။ အာဏာသိမ်းတဲ့နေ့တုန်းက မနက်စောစော အဆောင်မှာလည်း တီဗီ မရှိဘူးဆိုတော့ အာဏာသိမ်းမှန်းမသိသေးဘူး။ ကိုဗစ်ကာလ ကျောင်းတွေပိတ်ထားတုန်း ဖုန်းအော်ပရေတာတစ်ခုမှာအလုပ်လုပ်နေခဲ့တယ်။ ဖုန်းလိုင်းမမိနေတာနဲ့ “အော် ဒီနေ့တော့ အလုပ်မသွားရတော့ဘူး” ဆိုပြီး စိတ်ထဲတွေးနေသေးတယ်။ ဗိုက်ဆာလို့ လက်ဖက်ရည် သွားသောက်မယ်ဆိုတော့မှ လမ်းမမှာ ရုန်းရင်းဆန်ခတ်နေတာတွေ့တော့ တစ်ခုခုပဲလို့ တွေးသေးတယ် ။ ဆိုင်ရောက်မှ သတင်းကြည့်ရတော့ အာဏာသိမ်းသွားပြီဆိုတာသိပြီး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေလိုက်ရတော့တယ်။ နောက်ဘာတွေဆက်ဖြစ်မလဲဆိုပြီးလည်း တွေးရင်းတုန်လှုပ်နေခဲ့ရတယ်။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဘဝမှာကြီးကြီးမားမားပြောင်းလဲသွားတာ ဘာရှိမလဲ။ ဘာကြောင့်ဒီလိုကွာခြားသွားတယ်လို့ ထင်လဲ။

ဖြေ ။ ကြီးကြီးမားမားပြောင်းလဲတယ်တော့ မဟုတ်ပေမယ့် သိသိသာသာပြောင်းလဲသွားတာတော့ စိတ်အခြေအနေပဲ ထင်တယ် ။အရင်က အပူအပင်တွေမရှိ နောက်ဆံမတင်းရတဲ့အခြေနေကနေ အကုန်ဗြောင်းဆန်သွားတော့ စိတ်မှာ အတော်ကိုစိတ်ဒဏ်ရာရခဲ့တယ် ။ ဖြတ်သန်းခဲ့သမျှ ဒီကာလကတော့ အဆိုးရွားဆုံးနဲ့ကြောက်စရာအကောင်းဆုံးပဲလို့ ထင်တယ်။

DW ။ စီးပွားရေး၊လူမှုရေး အခြေအနေတွေကရော ဘာတွေပြောင်းလဲသွားလဲ။ဒီအပေါ်မှာရော ဘာပြောချင်လဲ။

ဖြေ ။ စီးပွားရေး အခြေအနေတွေနဲ့ လူမှုရေးအခြေအနေတွေ ပြောင်းလဲသွားတယ်။ ဆိုးရွားနေတဲ့အပေါ်မှာတော့ စိတ်ထဲမှာတွေးနေတာတော့ရှိတယ်။ ဒီအခြေအနေကြီးကနေ နလန်ပြန်ထူနိုင်ပါ့မလားပေါ့။ အဲလိုဆုတ်ယုတ်နေတာတွေက ဘယ်အချိန်မှ အရှေ့ပြန်ရောက်မလဲလို့ မေးခွန်းတွေပဲအကြိမ်ကြိမ်ထုတ်နေမိတယ်။

DW ။ အခုဆိုရင် အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေ၊ စီးပွားရေးကျပ်တည်းမှုတွေနဲ့ ကြုံတွေ့နေရတဲ့အခြေအနေမှာ ဘာပြောချင်လဲ။

ဖြေ ။ အကျပ်အတည်းတွေ ပဋိပက္ခတွေ တိုက်ပွဲတွေ ကြုံတွေ့နေတဲ့အပေါ်မှာ ပြောချင်တာကတော့ ကျွန်တော်တို့တွေ ဘယ်အချိန်အထိ ဒီလိုဒုက္ခတွေကို ခံနေရဦးမှာလဲ။ အသက်အာမခံ၊ ဘဝအတွက်အာမခံ မရှိတော့တဲ့အခြေနေမှာ ကျွန်တော်တို့ပြည်သူတွေအတွက်က သေချာရေရာတဲ့ တစ်စုံတစ်ရာကရော ရှိပါတော့မလား။ ဆုံးရှုံးသွားတဲ့ အသက်တွေ ပျက်စီးသွားတဲ့အရာတွေ ရှိခဲ့တယ်။ ဒါတွေအကုန်လုံးအတွက် ထိုက်သင့်တဲ့ တစ်ခုခုပြန်ရမှ အဆင်ပြေမယ်ထင်ပါတယ် ။

DW ။ နောက်လာမယ့်ကာလတွေမှာရော ဘယ်လိုကြုံတွေ့ရမယ်လို့ မျှော်မှန်းထားလဲ။ ဘာတွေ ကြိုတင်ပြင်ဆင် ထားလဲ။

ဖြေ ။ ကျွန်တော်ကတော့ အဆိုးဆုံးကိုပဲမျှော်လင့်ထားတော့တယ် ။ဒီထက်ပိုဆိုးစရာမရှိတော့တဲ့အခြေအနေမှာ ကိုယ့်ကိုယ်ကိုရော ကျန်တဲ့ပြည်သူတွေအတွက်ရော ခံနိုင်ရည်ရှိဖို့နဲ့ သတ္တိရှိရှိဆက်လျှောက်ဖို့ပဲ ကြိုးစားပြင်ဆင်နေပါတယ်။

DW ။ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ တစ်နေ့နေ့တော့ ကျွန်တော်တို့မျှော်လင့်ထားတဲ့ ပန်းတိုင်။ ကျွန်တော်တို့လိုချင်တဲ့အရာ ရလာပါစေလို့ မျှော်လင့်ချက်နဲ့ပဲရှေ့ဆက်နေတယ်။ ယုံကြည်ပြီးလျှောက်လှမ်းနေပါတယ်။ ရလာမယ်လို့လည်း ယုံကြည်ပါတယ်။ ဒီအတွက်ရော နောက်ထပ်ကြုံရမယ့်အရာတွေအတွက်ရော ဒီမျှော်လင့်ချက်လေးတွေနဲ့ပဲ ကြံ့ကြံ့ခံရင်ဆိုင်အားတင်းရင်း အဆုံးထိ အတူရှိနေပါမယ်။ ကျေးဇူးတင်ပါတယ်။

DW ။ ဟုတ်ကဲ့ ၊ ကျေးဇူးတင်ပါတယ်။