အာဏာရှင်အောက် ၃ နှစ်တာ (၁)

0
400

စစ်တပ်က အာဏာသိမ်းထားသည်မှာ ယခုနှစ်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သုံးနှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

အာဏာသိမ်းကာလအတွင်း အခြေခံလူတန်းစားမှ စီးပွားရေးလုပ်ငန်းရှင်များအထိ လူထုလူတန်းစား အလွှာပေါင်းစုံမှာ ထိခိုက်မှုအမျိုးမျိုး ကြုံတွေ့နေရသည်။

အာဏာရှင်လက်အောက် ၃ နှစ်တာအတွင်း ပျက်စီးသွားသည့် မိသားစုဘဝများ၊ ပညာသင်ယူခွင့်ဆုံးရှုံးသွားရသည့် ကလေးများ၊ ပြိုကျသွားသည့် စီးပွားရေးလုပ်ငန်းများ၊ မရေရာတော့သည့် အနာဂတ်များ စသဖြင့်ဆိုးကျိုးများစွာဖြင့် ပြည်သူများအပေါ် သက်ရောက်မှုက ကြီးမားလှသည်။

ယင်းအပြင် စားဝတ်နေရေးအကျပ်အတည်းနှင့် ပဋိပက္ခဒဏ်ကြောင့် မွေးရပ်မြေကိုစွန့်ခွာကာ စစ်ဘေးရှောင် နေရသူများ၊ တစ်နယ်တစ်ကျေး ပြောင်းရွှေ့အခြေချနေရသူ အရေအတွက်မှာ ကြောက်ခမန်းလိလိ တိုးလာနေသည်။

တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းနှင့် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ငါးသောင်းဝန်းကျင်ရှိနေသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာသည့်အတွက် နေရပ်စွန့်ခွာ ထွက်ပြေးရသည့် စစ်ဘေးရှောင် အရေအတွက်မှာ ၂ ဒသမ ၆ သန်း (၂၆သိန်း) ကျော်ရှိလာပြီဖြစ်သည်။

ထိုအပြင် ပြည်သူများ၏ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုကလည်း အဆက်မပြတ်ဖြစ်နေပြီး အမှောင်ဖုံးသည့် နေ့ရက်များကို ဖြတ်သန်းနေရသည်။

ယင်းကြောင့် စစ်တပ်အာဏာမသိမ်းမီအချိန်ကာလနှင့် အာဏာသိမ်းပြီး သုံးနှစ်အကြာ ပြည်သူ့များ၏ အခြေခံ လူမှုစီးပွားဘဝများအပေါ် သက်ရောက်မှုအခြေအနေများကို ယခုအပတ် တနင်္သာရီပုံရိပ်အစီအစဉ်တွင် မေးမြန်းဖော်ပြလိုက်သည်။

“စစ်ဒဏ်ကြောင့် ပြည်သူတွေရဲ့ဘဝတွေ ပျက်စီးတာတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။နောက်ထပ်လည်း ပိုများလာဖို့ပဲ မြင်ရတယ်”

ထားဝယ်မြို့ခံ အမျိုးသားတစ်ဦး

DW ။ ဒီနေ့ (ဖေဖော်ဝါရီ ၁) ဆိုရင် အာဏာသိမ်းတာ ၃ နှစ်တိတိပြည့်ပြီပေါ့နော်။ ဆိုတော့အာဏာသိမ်းတဲ့နေ့ မနက်စောစော အိပ်ရာထတော့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။ စိတ်ထဲ ဘယ်လိုခံစားလိုက်ရလဲဆို အကျဉ်းချုပ်ပြောပြပါလား။

ဖြေ ။ ပြောရမယ်ဆိုရင် ‘သွားပြီ’ ဆိုပြီးပေါ့နော် အဲလိုခံစားလိုက်ရတယ်။ဘာဖြစ်လို့လဲဆိုရင် အလုံးစုံသည် ‘သွားပြီ’ ဆိုပြီးတော့ ခံစားရတယ်။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဘဝမှာ ကြီးကြီးမားမားပြောင်းလဲသွားတာ ဘာရှိမလဲ။

ဖြေ ။ အခုဆိုရင် တရားဥပဒေစိုးမိုးရေးကို ပြောရမှာပေါ့။ တရားဥပဒေစိုးမိုးရေးဟာ အခုချိန်မှာ အရင်တုန်းကနဲ့စာရင် တော်တော်လေးကို ပြောင်းလဲသွားတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံဖို့အတွက် ဘာအရေးပဲဖြစ်နေပါစေ အရင်ကနဲ့စာရင် ၃ နဲ့ ၄ လိုပဲဖြစ်သွားတယ်ပေါ့။ ဘာမှလည်း လုံခြုံမှုမရှိတော့ဘူး။ သူတို့အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ဘဝတွေက နေ့စဉ်နဲ့အမျှ အိမ်မီးရှို့ခံရတာတွေ ရှိနေတယ်။သတ်ဖြတ်ခံရတာတွေ ရှိတယ်။ ညှင်းပမ်းနှိပ်စက် ခံရတာတွေ မင်းမဲ့စရိုက်ဆန်ဆန် ဖြစ်သွားတယ်ပေါ့။

DW ။ စီးပွားရေး၊လူမှုရေး အခြေအနေတွေကရော ဘာတွေပြောင်းလဲသွားလဲ။

ဖြေ ။ စီးပွားရေးဆိုရင်လည်း အနီးစပ်ဆုံးဆိုရင် ထီးခီးလမ်း(ထိုင်း-မြန်မာနယ်စပ်သွားလမ်း) ဆိုရင် နယ်စပ်ကုန်သွယ်ရေးဆိုရင် လုံးဝကို ရပ်တန့်သွားတယ်ပေါ့နော်။ထိုနည်းလည်းကောင်းပဲ ရော်ဘာပေါ့။ အဓိကက ဒေသအနေနဲ့ ပြောရမယ်ဆိုရင် ရော်ဘာခြံတွေပဲ ကြည့်။ အခုဆိုရင် ရော်ဘာခြစ်တဲ့ရာသီဆိုလည်း ကောင်းကောင်းမွန်မွန်ခြစ်လို့လည်း မရတော့ဘူး။ ကွမ်းသီးလည်း အတူတူပဲ။ ပင်လယ်မှာ လုပ်စား(ငါးဖမ်း)နေတဲ့သူတွေလည်း ကမ်းနီးမှာ ငါးဖမ်းနေသူတွေ ချောင်းတွေထဲမှာ ရှာဖွေစားသောက်နေသူတွေလည်း ထိုနည်းလည်းကောာင်းပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက်လို့ မရတော့ဘူးပေါ့။ ဈေးရောင်းစားတဲ့သူတွေလည်း ထိုနည်းလည်းကောင်းပဲ။ဒါက အခြေခံစီးပွားရေး ပေါ့နော်။ အခြားစီးပွားရေးတွေလည်း အတူတူပဲ။

ဘယ်သူတွေကောင်းစားနေလဲဆိုရင် ကန်ထရိုက်လုပ်နေတဲ့သူတွေဆိုရင် အရင်တုန်းက အမည်ပျက်စာရင်းဝင်(Black List)တွေ ဝင်နေတဲ့လူတွေက အခုဆိုရင် ကန်ထရိုက်တွေလုပ်နေကြတယ်။ စစ်ဆေးတဲ့သူလည်း မရှိဘူး ပြေလည်နေတဲ့ လူတန်းစားတစ်ခု ပေါ်လာတာပေါ့။

စီးပွားရေးလုပ်နေတဲ့သူတွေလည်း အနေအထိုင် အဆင်မပြေဘူး။ ကိုယ့်ဟာကိုလုပ်နေတယ်။တစ်ဖက်ကကြည့်လိုက်ရင် ဒီဖက်ကနေ ဟိုဖက်ကိုပံ့ပိုးနေသလိုလို။ ဟိုဖက်ကနေ ဒီဖက်ပံ့ပိုးနေသလိုလို။ စီးပွားရေးလုပ်ရတာက တစ်ကယ်ကို ခက်ခဲကြတယ်ပေါ့။ သူ့ရဲ့ဘဝရပ်တည်ဖို့အတွက် လုပ်နေရတာ။ လက်ရှိအနေအထားအရဆို စီးပွားရေးသမားတွေက နှစ်ဖက်ညှပ်နေကြတာ။

ပညာရေးဆိုလည်း အခုဆိုရင် ပြင်ပကျောင်းတွေမှာ တော်တော်များများနေကြတယ်လေ။ ငွေကြေးမတတ်နိုင်တဲ့ မိသားစုတွေကလည်း ကျောင်း(အခြေခံပညာကျောင်း)တွေမှာနေကြတာပေါ့။ ကျောင်းတွေမှာကလည်း အရင်တုန်းကလို မဟုတ်ဘူးလေ။ သင်ကြားမှုတွေက လျော့ရဲပြီးတော့ အခုဆိုရင် ကျောင်းထဲမှာတောင် ကျူရှင်သင်တာတွေ ရှိလာတယ်လေ။

DW ။ နောက်လာမယ့်ကာလတွေမှာရော ဘယ်လိုကြုံတွေ့ရမယ်လို့ မျှော်မှန်းထားလဲ။ ဘာတွေ ကြိုတင်ပြင်ဆင်ထားလဲ။

ဖြေ ။ နောက်လာမယ့်ကာလမှာလည်း လက်ရှိအချိန်ထက် ကောင်းလာဖို့မရှိဘူး။ အခုဆိုရင် စစ်ဘေးရှောင်တဲ့သူတွေ တစ်နေ့တစ်ခြားများပြားလာတယ်။စစ်ဒဏ်ကြောင့် ပြည်သူတွေရဲ့ဘဝတွေ ပျက်စီးတာတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။နောက်ထပ်လည်း ပိုများလာဖို့ပဲ မြင်ရတယ်။ဘာဖြစ်လို့လည်းဆိုရင် သူတို့(စစ်ကောင်စီ)တွေရဲ့ ဖိနှိပ်မှုတွေက တစ်နေ့ထက်တစ်နေ့ လျော့သွားတာမရှိဘူး။ နိုင်လိုမင်းထက် လုပ်ကိုင်မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။ များလာနဲ့အမျှ ပြည်သူတွေရဲ့စွန့်လွှတ်အနစ်နာခံရတာတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာမှာ။ကြိုတင်ပြင်ဆင်သင့်တာက ပိုက်ဆံရှိတဲ့သူတွေက အကြောင်းမဟုတ်ဘူးပေါ့နော်။ ပိုက်ဆံရှိတဲ့သူတွေက ငွေရေးကြေးရေးတတ်နိုင်တဲ့လူတွေက ဒေသကိုစွန့်ခွာပြီးတော့ သွားလိုက်လို့ရတဲ့အခွင့်အလမ်းရှိတာပေါ့။ ငွေရေးကြေးရေး မတတ်နိုင်တဲ့လူတွေက ဒေသကိုစွန့်ခွာပြီး တခြားမှာလုပ်ကိုင်စားသောက်ဖို့အခွင့်အလမ်းလည်း မရှိတဲ့လူတွေကျတော့ ဒီဒဏ်တွေကိုတော့ ခါးစည်းပြီးခံရမှာပေါ့နော်။

DW ။ ဒါနဲ့ပတ်သက်ပြီးတော့ အခြားဖြည့်စွက်ပြောချင်တာရှိလား။

ဖြေ ။ အချိန်တန်ရင်တော့ ပြည်သူထောက်ခံမှုရှိတဲ့သူတွေကတော့ အောင်မြင်မှုတွေ ရမှာပေါ့။

DW ။ ကျေးဇူးတင်ပါတယ်။

“အရင်က ရှိခဲ့တဲ့ မြန်မာ့စစ်တပ်ကိုချစ်တဲ့စိတ်က မချစ်တဲ့စိတ်ကို ပြောင်းသွားတယ်”

ထိုင်းနိုင်ငံရောက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦး (အာဏာသိမ်းကာလအတွင်း မိသားစုဝင် ၂ ဦး ဆုံးရှုံးရသူ)

DW ။ အာဏာသိမ်းတဲ့နေ့ မနက်စောစော အိပ်ရာထတော့ ဘယ်လိုကြုံတွေ့ခဲ့ရလဲ။ စိတ်ထဲ ဘယ်လိုခံစားလိုက်ရလဲဆို အကျဉ်းချုပ်ပြောပြပါလား။

ဖြေ ။ အာဏာသိမ်းတဲ့နေ့ မနက်အိပ်ယာထတာနဲ့တစ်ကမ္ဘာလုံးမှောင်နေသလိုမျိုး စိတ်ထဲက မလန်းမဆန်းနဲ့ ခံစားခဲ့ရတယ်။ ဖုန်းကြည့်လိုက်တော့လည်း အင်တာနက် ပြတ်နေလို့ ကြည့်မရခဲ့ဘူး။ အလုပ်ကWifiနဲ့ကြည့်မှ အာဏာသိမ်းတာ သိလိုက်ရတယ်။ ဘဝမှာဘယ်တော့မှ မထင်ခဲ့တဲ့ဖြစ်ရပ်မျိုးကြုံလိုက်ရတော့ အဲဒီမနက်ခင်းကို မကောင်းတဲ့ မနက်ခင်းလေး တစ်ခုအဖြစ်အမြဲမှတ်ရနေတဲ့ နေ့လေးတစ်နေ့ ဖြစ်ခဲ့ပါတယ်ဗျ။

DW ။ အာဏာမသိမ်းခင်ကနဲ့ အာဏာသိမ်းပြီး ၃ နှစ်အကြာမှာ ဘဝမှာ ကြီးကြီးမားမားပြောင်းလဲသွားတာ ဘာရှိမလဲ။ ဘာကြောင့်ဒီလိုကွာခြားသွားတယ်လို့ ထင်လဲ။

ဖြေ ။ ပြောင်းလဲသွားတာတော့ ကိုယ်ကိုယ်တိုင်ပါပဲ ။ အရင်က ရှိခဲ့တဲ့ မြန်မာ့စစ်တပ်ကိုချစ်တဲ့စိတ်က မချစ်တဲ့စိတ်ကို ပြောင်းသွားတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူ့ကိုကာကွယ်ဖို့မဟုတ်ဘဲ အထက်လူကြီးတွေခိုင်းသမျှ အမှားအမှန် မခွဲခြားတတ်ပဲ လုပ်နေလို့ပါ။

DW ။ မိသားစု၊ ဆွေမျိုးသားချင်းတွေထဲမှာ အခု၃နှစ်ကာလအတွင်း တိမ်းပါးသွားသူတွေရှိလား၊ သူတို့အတွက် ဘယ်လိုခံစားခဲ့ရလဲ။

ဖြေ ။ တူလေးတစ်ယောက်နဲ့‌မေကြီး(အဒေါ်) စုစုပေါင်း ၂ ယောက်ဆုံးသွားပါတယ်ဗျ။ တူလေးက စစ်ဘေးရှောင်ရင်း နေမကောင်းဘဲ ဆုံးသွားတာပါ။ သူတို့အတွက်ကတော့ ဘာမှမလုပ်ပေးနိုင်ခဲ့လို့ ကိုယ့်ကိုကိုယ်တာဝန်မကျေခဲ့ဘူးလို့ ခံစားရပါတယ်ဗျ။

DW ။ အခု လက်ရှိတိုင်းတစ်ပါးမှာ မိသားစုနဲ့အဝေးမှာနေရတဲ့ခံစားချက်နဲ့ မျှော်လင့်ချက်ကဘယ်လိုလဲ။

ဖြေ ။ မိသားစုနဲ့ဝေးနေရတဲ့ခံစားချက်က အရမ်းကိုဆိုးရွားပါတယ်ဗျ။နေမကောင်းလည်း ပြေးတွေ့မရ။ သေရေးရှင်ရေးလည်း ပြေးတွေ့မရပါဘူး။ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်ဗျ။

DW ။ ကျေးဇူးတင်ပါတယ်။