မြောက်ဦးမြို့က တပ်ရင်းတစ်ခုကို AA သိမ်းယူ၊ သုံးရက်အတွင်းသိမ်းယူသည့်တပ်ရင်း သုံးခုအထိရှိလာ

0
1136

ရခိုင်ပြည်နယ် မြောက်ဦးမြို့အခြေစိုက် တပ်ရင်းသုံးခုအနက် ခြေမြန်တပ်ရင်း ခမရ ၅၄၀ ကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ခမရ ၅၄၀ တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီလ ၃၀ ရက်နေ့ ညတွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြောက်ဦးတွင် ကျန်ရှိနေသေးသည့် ခမရ (၃၇၇) ၊ ခမရ (၃၇၈) တပ်ရင်းနှစ်ရင်းအပြင် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စခန်းတိုင်းကိုလည်း အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်က မင်းပြားမြို့ရှိ ခမရ ၃၈၀ တပ်ရင်း၊ ဇန်နဝါရီလ ၃၀ ရက်က ကျောက်တော်မြို့ရှိ ခမရ ၃၇၄ တို့ကို သိမ်းယူပြီးနောက် အထက်ပါတပ်ရင်းကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သုံးရက်အတွင်း မြို့သုံးမြို့ အခြေစိုက် တပ်ရင်းသုံးခုကို သိမ်းယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းမတိုင်မီ ဇန်နဝါရီလ ဇန်နဝါရီလ ၁၆ ရက်တွင် ကျောက်တော်မြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းဘေးက ခမရ ၅၃၉ တပ်ရင်း လက်နက်ချခဲ့သလို အမြောက်တပ်စခန်း ၃၇၇ ကိုလည်း ဇန်နဝါရီလ ၁၄ ရက်တွင် AA က သိမ်းယူခဲ့သေးသည်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်နှင့် ရသေ့တောင်မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားနေပြီး ဇန်နဝါရီလ ၃၁ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားကြောင်း AA က ထုတ်ပြန်သည်။

ပုဏ္ဏားကျွန်း အောင်ဇေယျရွာနှင့် အောင်မြေကုန်းရွာကြား တိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်း ပစ်ကူများသုံးခဲ့ကြောင်း ဆိုသည်။

စစ်ကောင်စီ စစ်သင်္ဘောက တပ်ဖွဲ့ဝင်များသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆားကုန်ဘုတ်ကျေးရွာအား ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းတွင် မီးရှို့ခဲ့သဖြင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးကြောင်းလည်း AAက ထုတ်ပြန်ထားသည်။

ရမ်းဗြဲမြို့နှင့် အနီးဝန်းကျင်တွင်လည်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကူလာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်နိုင်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဖော်ပြသည်။

စစ်ကောင်စီဘက်က ရမ်းဗြဲမြို့ကို လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဆက်လက်ဖော်ပြသည်။

ရခိုင်ပြည်နယ်က မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးခြင်း၊ နေအိမ်များ ပျက်စီးခြင်းများရှိနေကြောင်း ထုတ်ပြန်ထားသည်။