ပုလော မီးလောင်ချောင်းရွာတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်သေဆုံးမှုနှင့် အရပ်သားထိခိုက်သေဆုံးမှုရှိ

0
1493
ပုံစာ - မီးလောင်ချောင်း တိုက်ပွဲတွင် ကျဆုံးသွားသည့် ရဲဘော်တစ်ဦး၏ စျာပန။

ပုလောမြို့နယ်၊ မီးလောင်ချောင်းရွာတွင် ဇန်နဝါရီလ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ နှစ်ဘက်စလုံး ထိခိုက်ကျဆုံးခဲ့ပြီး အရပ်သားထိခိုက်သေဆုံးမှုလည်းရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံက သိရသည်။

မီးလောင်ချောင်းရွာရှိ ပျူစောထီးတပ်စခန်းကို ဇန်နဝါရီလ ၃၀ ရက် နံနက်၅နာရီခွဲတွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ နာရီခွဲအကြာတွင် ပျူစောထီးစခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) ၊ မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြာရေး တာဝန်ခံ ကိုအာနိုးက ပြောသည်။

“စခန်းမီးမရှို့ခင် ပျူ (ပျူစောထီး) အလောင်း ၄ လောင်းနဲ့သေနတ် ၃ လက်ရခဲ့တယ်။ စခန်းကို စဝင်စီးတဲ့အချိန်မှာ ကျွန်တော် တို့ဘက်က ရဲဘော်တစ်ယောက်ကျတယ်။ ၇နာရီခွဲကျော်ကျော်လောက်မှာက ရဲဘော်သုံးယောက် ရှေ့ဆင့်နောက်ဆင့် ကျသွားတယ်။ ဒဏ်ရာရတဲ့ တစ်ယောက်ကတော့ နောက်တစ်နေ့မှာကျသွားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျဆုံးသွားသည့် ရဲဘော်များသည် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက တပ်ခွဲမှူးမိုးညို၊ ရဲဘော်ကျော်ကြီး၊ ပုလောစစ်ကြောင်း (၁) က ရဲဘော်မင်းဇော် ၊ KNDO က ရဲဘော်တစ်ဦးနှင့် မဟာမိတ်တပ်ဖွဲ့က ရဲဘော်တစ်ဦးတို့ဖြစ်ကြောင်း ကိုအာနိုးက ဆိုသည်။

ပျူစောထီးစခန်းကို မီးရှို့ပြီးနောက် စစ်ကူလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နံနက် ၁၀ နာရီ ဝန်းကျင်အထိ ထိတွေ့ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီက Mi 2 ရဟတ်ယာဥ်ဖြင့် လေကြောင်းပစ်ကူ နှစ်ကြိမ်အသုံးပြုသဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံက သိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုသည် စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ပုလောမြို့နယ်အတွင်း ပထမဆုံးအကြိမ် ပစ်ခတ်တိုက်မှုဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များထံက သိရသည်။

ယင်း မီးလောင်ချောင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ပျူစောထီး ငါးဦးနှင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးကြောင်း မြိတ်ခရိုင်တပ်ရင်း (၁) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အရပ်သားထိခိုက်မှုအနေဖြင့် အပြန်အလှန်ပစ်ခတ်မှုအပြီး ဇန်နဝါရီလ ၃၀ရက် မွန်းတည့်၁၂နာရီတွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လမ်းပိတ်မိနေသည့်ကုန်တင်ယာဥ်မောင်းတစ်ဦး လက်နက်ကြီးစ ထိမှန်သေဆုံးပြီး တပိုရွာက အမျိုးသမီးနှစ်ဦးဒဏ်ရာရကြောင်း စုံစမ်းသိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နောက်ဆက်တွဲအခြေအနေနှင့်ပတ်သက်၍ “မီးလောင်ချောင်းမှာတော့ စစ်အင်အား ပြန်လာ တိုးထားတယ်။ ရွာသားတွေက တိုက်ပွဲဖြစ်တဲ့နေ့က ရှောင်ကြပြီး အခုပြန်လာနေနေကြတယ်” ဟု ပုလောစစ်ကြောင်း ၁ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပုလောမြို့နယ်အတွင်း တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်သဖြင့် ထုတ်ပြန်အသိပေးချက်များကို လေးစားလိုက်ပေးကြရန် ပုလောမြို့နယ် အတွင်းလှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။