လောင်းလုံးတွင် တိုက်ပွဲများကြောင့် စွန်တောင်ပေါ်ဆရာတော်စျာပန ရှေ့တိုးကျင်းပမည်

0
1224
ပုံစာ - စွန်တောင်ပေါ်ဆရာတော်၏ ဥတုဇရုပ်ကလာပ်ပူဇော်ခံထားစဥ်။

လောင်းလုံးမြို့နယ်၊ စခန်းကြီးကျေးရွာအုပ်စု၊ စွန်တောင်ပေါ်ရွာ သာသနာ့လင်္ကာရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တစန္ဒဝံသ မထေရ်၏ အန္တိမအဂ္ဂိစျာပနအခမ်းအနား မီးပူဇော် (သင်္ဂြိုဟ်) မည့်ရက်ကို နယ်မြေအနေအထားအရ ရှေ့တိုးကျင်းပမည် ဖြစ်ကြောင်း စျာပနကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

မီးပူဇော်မည့်ရက်ကို မူလက ဖေဖော်ဝါရီလ ၅ ရက်တွင် ကျင်းပရန်ကြေညာထားပြီး စျာပနကျင်းပရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၃ ရက်တွင် ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း ယနေ့တွင် ထပ်မံကြေညာသည်။

“ဘုန်းကြီးပျံဆို ထုံးစံအတိုင်းက ခုနစ်ရက် တစ်ပတ်ထားကြတယ်။ အခုကမြို့နယ်အထဲမှာ (လောင်းလုံးမြို့နယ်) လည်း ကြားနေရတာ သိတဲ့အတိုင်းပဲ။ အဲဒါကြောင့် စျာပနကော်မတီကတော့ အကြောင်းအမျိုးမျိုးကြောင့်ဆိုပြီး စျာပနကို ၅ ရက်တည်း ကျင်းပဖို့ဆုံးဖြတ်လိုက်တယ်” ဟု စျာပနကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောသည်။

ဆရာတော်သည် သက်တော် ၅၉ နှစ် ၊ သိက္ခာတော် ၃၁ ဝါရှိပြီဖြစ်ပြီး အသည်းကင်ဆာရောဂါဖြင့် သီတင်းသုံးရာ ကျောင်းတိုက်၌ ဇန်နဝါရီလ ၃၀ ရက်တွင် ပျံလွန်တော်မူခဲ့သည်။

ဆရာတော်၏ ဥတုဇရုပ်ကလာပ်အား မီးသင်္ဂြိုဟ်ပူဇော်မည့် အန္တိမအဂ္ဂိစျာပနကို စခန်းကြီးရွာ၊ ဘောလုံးကွင်းတွင် ဖေဖော်ဝါရီလ ၃ ရက် နေ့လယ် ၁၂နာရီတွင် ကျင်းပမည်ဖြစ်ကြောင်း စျာပနကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ဇန်နဝါရီလ ၃၀ ရက်နှင့် ၃၁ရက်များတွင် လောင်းလုံးမြို့ပေါ်နှင့် ကျေးရွာအချို့တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကလည်း နယ်မြေမတည်ငြိမ်သဖြင့် မေတ္တာမြို့နယ်၊ ဟိန္ဒားဗောဓိကုန်း ဆရာတော်၏စျာပနကို ရပ်ရွာသို့ ပြန်မပင့်ဆောင်နိုင်ဘဲ ထားဝယ်မြို့ပေါ်တွင် စျာပနကျင်းပခဲ့ရသည်။