“နီတဲ့သွေးရက်သတ္တပတ်”ကို စတင်ဖော်ဆောင်ကြရန် တော်လှန်ရေးအင်အားစုများ တိုက်တွန်း

0
658

“နီတဲ့သွေး ရက်သတ္တပတ်” အဖြစ် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၏ ပထမရက်သတ္တပတ်ကို သတ်မှတ်ပြီး တိုက်ပွဲများဖော်ဆောင်ကြရန် မြို့ပြတော်လှန်ရေးအင်အားစုများက တိုက်တွန်းလိုက်သည်။

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်သည့် နေ့ဖြစ်သကဲ့သို့ ပြည်သူလူထု တစ်ရပ်လုံး အသက်သွေးချွေးများစွာကို စတေး၍ လျှောက်လှမ်းခဲ့သည့် အာဏာရှင်တော်လှန်ရေး ခရီးလမ်းသည်လည်း ၃ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း တိုက်တွန်းချက်တွင် ပါရှိသည်။

ပေးဆပ်ခဲ့သူအပေါင်း၏ သွေးခင်းလမ်းမများတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖတ်ချေမှုန်းနိုင်သည် အထိ တော်လှန်ရေးခရီးလမ်းကို ကြံကြံခံလျှောက်လှမ်းသွားကြရန် တော်လှန်ရေးအင်အားစုများက အဆိုပါတိုက်တွန်းချက်တွင် မေတ္တာရပ်ခံထားသည်။

‘”နီတဲ့သွေးရက်သတ္တပတ်” လှုပ်ရှားမှုအဖြစ် မမေ့ကြနဲ့’ ၊ ‘ပေးဆပ်သူတို့ရဲ့ သွေးခင်းသောလမ်းမှာ ဆက်လက်လျှောက်လှမ်းကြ’၊ ‘စစ်အာဏာရှင်စနစ် မုချကျဆုံးရမည်’ စသည့် ကြွေးကြော်မှုများဖြင့် တိုက်ပွဲများဖော်ဆောင်ကြရန် နှိုးဆော်ထားသည်။

ယင်းအပြင် အနီရောင်ကိုယ်စားပြုလှုပ်ရှားမှုများကို ယခု ရက်သတ္တပတ်အတွင်း ပြုလုပ်ကြရန် လည်း နှိုးဆော်ချက်တွင် ပါရှိသည်။

စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ (GSC)မှ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) နှင့် Burma Youth Revolutionary Force (BYRF) တို့က ယနေ့ ရန်ကုန်မြို့တွင် “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြသည်။

ပုံစာ – ရန်ကုန်မြို့ နေရာအချို့က “နီတဲ့သွေး ရက်သတ္တပတ်” လှုပ်ရှားမှု