နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုနှင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းသည့် ကုမ္ပဏီသုံးခုကို ဩစတြေးလျအရေးယူပိတ်ဆို့

0
1139

စစ်ကောင်စီအတွက် နိုင်ငံခြားငွေရှာဖွေပေးနေသည့် နိုင်ငံပိုင်ဘဏ်ကြီးနှစ်ခုနှင့် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်း နေသည့် ကုမ္ပဏီသုံးခုကို ဩစတြေးလျအစိုးရက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။

စစ်ကောင်စီနှင့် တိုက်ရိုက်ဆက်နွှယ်နေသည့် အဖွဲ့အစည်းငါးခုကို ပစ်မှတ်ထားအရေးယူလိုက်ကြောင်း ဩစတြေးလျ အစိုးရက မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက်တွင် ထုတ်ပြန်ကြေညာ သည်။

နိုင်ငံရပ်ခြားမှ စစ်လက်နက်ပစ္စည်းများ ဝယ်ယူရာတွင် နိုင်ငံခြားငွေကြေး သုံးစွဲမှုအဆင်ပြေချောမွေ့ စေရေးအတွက် အခရာကျသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဩစတြေးလျအစိုးရက အရေးယူခြင်းဖြစ်သည်။

ယင်းအပြင် စစ်ကောင်စီတပ်အတွက် လေယာဉ်လောင်စာဆီထောက်ပံ့နေသည့် Asia Sun Group ၊ Asia Sun Trading Co Ltd ၊ and Cargo Link Petroleum Logistics Co Ltd တို့ကိုလည်း အရေးယူရာတွင် ပါဝင်သည်။

စစ်ကောင်စီက ပြည်သူများအပေါ် ဆက်လက်ဖိနှိပ်နေခြင်း၊ အကြမ်းဖက်မှုများမြင့်တက်လာခြင်း၊ နိုင်ငံရေးဆိုင်ရာ၊ လူသားချင်းစာနာမှုဆိုင်ရာနှင့် လုံခြုံရေးဆိုင်ရာအခြေအနေတို့ ဆက်လက်ယိုယွင်းကျဆင်းလျက်ရှိသည့်အပေါ် တုံ့ပြန်သည့်အနေဖြင့် အရေးယူခြင်းဖြစ်ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် များစွာစိုးရိမ်ကြောင်း ပြောဆိုထားပြီး စစ်ကောင်စီ၏ လုပ်ရပ်များကို အနီးကပ်စောင့်နေကြောင်းလည်း ဩစတြေးလျအစိုးရက ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများ ပြန်လွှတ်ပေးရန်၊ လူသားချင်းစာနာ ထောက်ထားသည့် အကူအညီများ ပေးအပ်ခွင့်ရရန်၊ နိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း ဆိုသည်။

စစ်ကောင်စီ ထိန်းချုပ်မှုအောက်တွင်ရှိသည့် MFTB နှင့် MICB ဘဏ်နှစ်ဘဏ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနကို အမေရိကန်ပြည်ထောင်စုလည်း ၂၀၂၃ ခုနှစ် ဇွန်လ ၂၁ရက်တွင် ပိတ်ဆို့အရေးယူခဲ့သည်။