ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ

0
439

(ဆိုရှယ်မီဒီယာနှင့် မြန်မာ့သတင်းစီးဆင်းမှု လမ်းကြောင်းသစ် အကန့်အသတ်)

(၁) ဆိုရှယ်မီဒီယာဆိုတာ ဘာလဲ

ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ၊ သတင်းဌာနတွေက စိစစ်ပြီးသားသတင်းတွေကို ကွန်မြူနတီစတန်းဒတ်နဲ့ညီ-မညီ ဆုံးဖြတ်ချက်ချနေတဲ့ ဆိုရှယ်မီဒီယာဝန်ထမ်းတွေဟာ သတင်းအယ်ဒီတာတွေထက် ပိုတတ်ကျွမ်းသူတွေလားဆိုတာကို မဆွေးနွေးခင် ဆိုရှယ်မီဒီယာဆိုတာ ဘာလဲဆိုတာကို အရင် တင်ပြချင်ပါတယ်။

မီဒီယာမှတ်တမ်းတွေအရ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ စတင်ပေါ်လာတဲ့ Facebook, Youtube, Twitter (X), အပါဝင် အင်တာနက်နဲ့ လျှပ်စစ် နည်းပညာကိုအခြေခံတဲ့၊ ကွန်ပြူတာ၊ စမတ်ဖုန်းတို့ကို အခြေခံပြီးအသုံးပြုတဲ့ မီဒီယာတွေကို ဆိုရှယ်မီဒီယာလို့ခေါ်တယ်ဆိုရင် လိုရင်းကို ခြုံငုံမိမယ်ထင်ပါတယ်။

နောက်ထပ် ထူးခြားချက်တခုကတော့ ဆိုရှယ်မီဒီယာဆိုတာဟာ အစဉ်အလာမီဒီယာ၊ အဓိကရေစီးကြောင်းမီဒီယာတွေဖြစ်တဲ့ သတင်းစာ၊ ရေဒီယို၊ TV တွေလို သတင်းဌာနကြီးတွေ မဟုတ်ပါ။ တဦးချင်းအခြေခံနဲ့သုံးတဲ့ မီဒီယာလို့ပြောသင့်တယ်ထင်ပါတယ်။

ဒါကြောင့် ဆိုရှယ်မီဒီယာမှာ ရေးတာ၊ ဖေါ်ပြတာတွေဟာ အစဉ်အလာမီဒီယာကြီးတွေလို အယ်ဒီတာအဆင့်ဆင့်ကို ဖြတ်သန်းလာတာမဟုတ်တဲ့အတွက် တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ သတင်းတွေ၊ တင်ပြချက်တွေမဟုတ်ဘူးလို့ မှတ်ယူကြပါတယ်။ ဒါက အနှစ်ချုပ် အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ။

အခုနောက်ပိုင်းမှာတော့ ရှေ့မှာတင်ပြခဲ့တဲ့ Facebook, Youtube, Twitter (X) တွေအပြင် TikTok, WhatsApp, Telegram, Signal အပါဝင် နောက်တိုးတွေအများကြီးပါပဲ။

အဲ… မြန်မာပရိသတ်အတွက်ဆိုရင်တော့ Facebook က အဓိကပေါ့။ မြန်မာလူဦးရေ သန်း ၅၀ ကျော်မှာ အရွယ်ရောက်ပြီးသူ သန်း ၃၀ ရှိတယ်ပဲထား။ အဲဒီ သန်း ၃၀ စလုံး Facebook အကောင့်မရှိရင်တောင် တနည်းမဟုတ်တနည်း Facebook ကနေ သတင်းအချက်အလက်ရနေတယ်၊ မက်ဆင်ဂျာကနေ ဆက်သွယ်ရေးလုပ်နေကြတယ်လို့ ယူဆရပါတယ်။

အခုနောက်ပိုင်းမှာတော့ Facebook မှာ ကန့်သတ်ချက်တွေများလာနေတဲ့အတွက် Telegram ကို ပိုအသုံးများလာတာ၊ အထူးသဖြင့် လူငယ်တွေနဲ့ တော်လှန်ရေး ပေ့ချ်တွေဟာ တယ်လီဂရန်ဖက်ကို ပိုအသုံးများလာနေတာ သတိထားမိပါတယ်။

ဒါက မြန်မာပရိသတ်အတွက် ဆိုရှယ်မီဒီယာအကြောင်း မိတ်ဆက်ဖြစ်ပါတယ်။

(၂) ဆိုရှယ်မီယာနှင့် မြန်မာ့သတင်းစီးဆင်းမှူ

ဆိုရှယ်မီဒီယာတွေ ပေါ်ကစကတော့ အဓိကရေးကြီးကြောင်း မီဒီယာကြီးတွေက သိပ်အလေးမထားခဲ့ပါဘူး။ စာရေးသူကိုယ်တိုင် အဲလိုစိတ်မျိုးရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆိုရှယ်မီဒီယာရဲ့ကြီးထွားမှုက ကြောက်စရာကောင်းလောက်အောင်ကို မြန်ဆန်ပါတယ်။ “ခေတ်မီသူတိုင်း ဆိုရှယ်မီဒီယာသုံးသည်” ဆိုသလိုဖြစ်လာပြီး လူတိုင်း ဆိုရှယ်မီဒီယာအကောင့်တွေဖွင့်ကြပါတယ်။ အချို့ဆို အကောင့်တခုမက ရှိပါတယ်။

ကိုယ်ရေးချင်တာ၊ ပြောချင်တာတွေ တင်ပါတယ်။ နောက်တော့ အဓိကရေစီးကြောင်း မီဒီယာကြီးတွေကပါ သူတို့ရဲ့သတင်းတွေကို ဆိုရှယ်မီဒီယာပေါ် တင်ပြလာကြပါတော့တယ်။ ဒါက တကမ္ဘာလုံးရဲ့အခြေအနေကို ခြုံပြောတာပါ။ မြန်မာအခြေအနေကတော့ အဲဒီထက် ပိုထူးပါတယ်၊ ဆိုရှယ်မီဒီယာကြီးထွားမှု၊ လွှမ်းမိုးမှု အလွန်များတယ်လို့ပြောချင်ပါတယ်။ အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှုနောက်ကျတာ၊ လိုင်းဖုန်းအဆင့်ကိုကျော်ပြီး စမတ်ဖုန်းကို တန်းရောက်သွားတာတွေကြောင့်လည်း ဒီလိုဖြစ်လာတာလို့ ယူဆပါတယ်။

နောက်တချက်ကတော့ ဆိုရှယ်မီဒီယာ စပေါ်တဲ့ ၂၀၀၀ ပြည့်လွန်နှစ်တွေကနေ အခု ၂၀၂၃ နှစ်ကုန်တဲ့အထိ (ဦးသိန်းစိန်အစိုးရခေတ်နှင့် NLD အစိုးရခေတ်မှာ တစုံတရာလျော့ပေးသည့်တိုင်) မြန်မာနိုင်ငံမှာ စစ်အစိုးရအဆက်ဆက်က သတင်းအမှောင်ချထားတာ၊ ဆင်ဆာများလွန်းတာတွေကြောင့် အစိုးရမီဒီယာ၊ အဓိကရေကြီးကြောင်း မီဒီယာတွေအစား ဆိုရှယ်မီဒီယာကို ပြည်သူတွေက ပိုအလေးထားလာတာဖြစ်ပါတယ်။

အခု ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်မှာတော့ မြန်မာလူထုအတွက် အဓိက သတင်းရယူတဲ့နေရာဟာ ဆိုရှယ်မီဒီယာဆိုတာ ဘယ်သူမှ မငြင်းနိုင်တော့ပါ။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ အဓိကရေစီးကြောင်း (သတင်းစာ၊ ရေဒီယို၊ တီဗွီ) မီဒီယာတွေကို ဘယ်သူမှ အလေးမထားတော့သလို (ဦးသိန်းစိန်ခေတ်နဲ့ NLD ခေတ်က) အရင်က တစုံတရာ လွတ်လပ်မှုရှိပြီး ပရိသတ်တွေလည်း အားပေးခဲ့ကြဖူးတဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိကပိုင် အဓိက ရေစီးကြောင်း မီဒီယာဆိုတာလည်း အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံမှာ မရှိတော့ပါ။

ဒီတော့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာဆိုတာဟာ နာရေးနဲ့ ကြော်ငြာဖတ်ဖို့၊ တီဗွီ ဆိုတာ ဘောလုံးပွဲနဲ့ ဖျော်ဖြေရေးအစီအစဉ်ကြည့်ဖို့ (ရေဒီယိုကတော့ နားထောင်သူ အတော့်ကိုနည်းသွားပြီလို့ ယူပါတယ်) ဆိုတဲ့ အဓိပ္ပါယ်ဖြစ်လာနေပါတယ်။ သတင်းမှန်၊ သတင်းမြန်လိုချင်ရင်တော့ ပြည်ပနဲ့ နယ်စပ်လွတ်မြောက်နယ်မြေတွေကနေ တင်ပြနေတဲ့ လွတ်လပ်တဲ့သတင်းဌာနတွေရဲ့ ဆိုရှယ်မီဒီယာအခြေခံ သတင်းတွေကိုပဲ မြန်မာလူထုက အဓိကအားထားနေရတာဖြစ်ပါတယ်။

ခေတ်သစ်၊ ဧရာဝတီ၊ မဇ္ဈိမ၊ ဒီဗွီဘီ၊ မြန်မာနောင်း စသဖြင့် စစ်တပ် အာဏာသိမ်းချိန်မှာ ပြည်ပကို ပြန်ထွက်လာရတဲ့ အွန်လိုင်းအခြေခံ (မဇ္ဈိမ၊ ဒီဗွီဘီက TV စလောင်းတွေလည်းရှိပါတယ်) မီဒီယာတွေ၊ ပြီးတော့ နိုင်ငံတကာ အစိုးရကြီးတွေရဲ့ ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ BBC, VOA, RFA မြန်မာပိုင်းအစီစဉ်တွေ၊ အာဏာသိမ်းပြီးမှ အသစ်စက်စက်ပေါ်လာတဲ့ အွန်လိုင်းအခြေခံ မီဒီယာအသေးလေးတွေ၊ ဒေသ- လူမျိုးစုအခြေခံ ဆိုရှယ်မီဒီယာ လင့်ခ်တွေဟာ ဒီနေ့ မြန်မာပိတ်သတ်အတွက် အဓိက သတင်းရရှိတဲ့ လမ်းကြောင်းဖြစ်နေပါတယ်။

နိုင်ငံတကာအစိုးရကြီးတွေရဲ့ ဘတ်ဂျက်နဲ့လည်ပတ်နေတဲ့ BBC, VOA, RFA မြန်မာပိုင်းအစီစဉ်တွေကနေ လှိုင်းတို ရေဒီယိုလွှင့်နေဆဲဖြစ်ပေမယ့် ရေဒီယိုကို စောင့်နားထောင်သူ အတော်နည်းသွားပြီဆိုတာ သေချာပါတယ်။ အရင် နဝတ-နအဖ ခေတ်ကလို ည ၈ နာရီ ၁၅ မိနစ်မှာ BBC စောင့်နားထောင်မယ်။ ၉ နာရီမှာ VOA နားထောင်မယ်ဆိုတာမျိုးမရှိတော့ပါ။

သတင်းတွေက အခုဖြစ်၊ အခု ဆိုရှယ်မီဒီယာပေါ်ရောက်နေပြီဖြစ်တဲ့အတွက် သမရိုးကျ မီဒီယာတွေက ပြတဲ့အထိ၊ လွှင့်တဲ့အချိန်အထိ စောင့်နေဖို့မလိုတော့ပါ။ ဘယ်မီဒီယာက ဘယ်သတင်းကို ပရိသတ်ဘယ်နှစ်ယောက်ဖတ်တယ်၊ ဘယ်ဗီဒီယို ပရိုဂရမ်က ပရိသတ်ဘယ်လောက်ကြည့်တယ်ဆိုတာတွေကလည်း တခါတည်းပေါ်နေတဲ့အတွက် ပရိသတ်ရဲ့ အားပေးမှု အများဆုံးမီဒီယာက ဘာတွေလည်းဆိုတာ အငြင်းပွားဖွယ်မရှိဘဲ ကိန်းဂဏန်းနဲ့ တခါတည်းပေါ်နေပါတယ်။

(မှတ်ချက် – အခုနောက်ပိုင်း Reach အချခံရတာတွေများလာနေတဲ့အတွက် Facebook ပေါ်နေတဲ့ ပရိသတ်ဦးရေကို အမှန်လို့ပြောဖို့ ခက်လာနေပါတယ်)

(၃) ဆိုရှယ်မီဒီယာနှင့် Self-Sensor

ဒီလို မြန်မာပရိတ်သတ်အတွက် သတင်းစီးဆင်းမှုအားကောင်းလှတဲ့ ဆိုရှယ်မီဒီယာမှာ ဖေါ်ပြနေတဲ့သတင်းတွေကို ဘယ်သူက တာဝန်ယူသလဲ၊ သတင်းဌာနတွေက တင်သမျှသတင်း၊ တင်သမျှ ဗီဒီယို အားလုံးကို ပရိသတ်က မြင်ရရဲ့လား၊ အကန့်အသတ်တွေ၊ ဆင်ဆာတွေရှိသလား…ဆိုတာဟာ ဒီနေ့ မေးစရာဖြစ်လာနေပါတယ်။

နိဒါန်းမှာ တင်ပြခဲ့တဲ့အတိုင်း ဆိုရှယ်မီဒီယာမှာ အယ်ဒီတာမရှိပါဘူး။ ကိုယ်တင်တာ ကိုယ်တာဝန်ယူမှူစနစ်နဲ့ပဲသွားနေတယ်ဆိုပေမယ့် အခုတော့ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့ဆိုပြီး မကြာခဏဖြုတ်ချခံရတာ၊ ပရိသတ်အကြည့်နည်းအောင် Reach အချခံရတာ၊ ကြော်ငြာအခြေခံနဲ့မညီလို့ဆိုပြီး ကြော်ငြာ ပိတ်တာ၊ Reach အချခံရတာတွေက ခပ်စိပ်စိပ်ဖြစ်လာနေတာကို ကိုယ်တိုင်ရော၊ လုပ်ဖေါ်ကိုင်ဖက် သတင်းသမားတွေဆီကပါ မကြာခဏကြားနေရပါတယ်။

ဒီအချက်တွေအတွက် ကိုယ်တွေ့အချက်အလက်အချို့ကို တင်ပြချင်ပါတယ်။ ဆိုရှယ်မီဒီယာကနေ ကြော်ငြာရဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ပို့စ်တခု၊ ဗီဒီယိုတခုကို အနည်းဆုံး ပရိသတ် တသိန်းခန့်ကြည့်ဖို့လိုပါတယ်။ မီဒီယာအသစ်တခုအနေနဲ့ ပရိသတ် တသိန်း ချက်ခြင်းရဖို့မလွယ်ပါဘူး။ ဒါပေမယ့် ပရိသတ် သိသွားရင်လည်း တသိန်းရဖိုက မခက်ပြန်ဘူး။ ဒီလိုနဲ့ ခုနကပြောတဲ့ မီဒီယာအသစ်တွေ ကြော်ငြာကနေ ဝင်ငွေတစုံတရာ ရလာကြပေါ့။

အဲ… အဲဒီလို ဝင်ငွေပေးပြီးတော့မှ ကြော်ငြာမူဝါဒမှာပါတဲ့ ဘယ်အချက်အရ ဘယ်ပုံကတော့ ဘာမူနဲ့ငြိတယ်၊ ဘယ်ပုံကတော့ မူရင်းပုံမဟုတ်ဘူး၊ ဘယ်ပုံကတော့ သေနတ်ပုံ၊ ယူနီဖောင်းပုံ၊ ဒဏ်ရာရပုံတွေပါနေတယ်… စသဖြင့် ကန့်သတ်ချက်တွေအများကြီး ရှိလာနေပါတယ်။

စာရေးသူကြုံဖူးတဲ့အထဲက ဥပမာ နှစ်ခုကို ဒီနေရာမှာ တင်ပြချင်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဗိုလ်နဂါးနဲ့ အင်တာဗျုးတခုဟာ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့ဆိုပြီး ဖြုတ်ချခံရဖူးပါတယ်။ ဘာကြောင့်မှန်း မသိဘူး။ ထင်တာကတော့ သူ့ဘေးမှာ ငှက်ကြီးတောင် ဒါကြီးချထားတာကြောင့်ဖြစ်မယ်လို့ ယူဆရပါတယ်။ မနှစ်ကတော့ ဗိုလ်သံမဏိ နဲ့ဗျုးတဲ့ ဒုတိယပိုင်း ဖြုတ်ချခံရပါတယ်။ ထင်တာကတော့ လူသတ်မှု၊ လူသတ်ကောင်အဖြစ်စွပ်စွဲခံရတယ်ဆိုတာကို ထပ်ကာထပ်ကာ ပြောမိတာတာကြောင့်လို့ ထင်ပါတယ်။ ဆိုလိုတာက ပထမ တကြိမ်က ပုံကြောင့်၊ ဒုတိယအကြိမ်က အသံကြောင့်… ဒီလို ကိုယ်ဘာသာ နားလည်မိပါတယ်။

သူတို့ဖက်က အကြောင်းပြန်ချက်ကတော့ ကွန်မြူနတီစတန်းဒတ်နဲ့မညီလို့- ဒါပဲ ပြောပါတယ်။ အသေးစိပ်ပြောတာမရှိပါဘူး။ ကွန်မြူနတီစတန်းဒတ်ထဲမှာ ဘာတွေပါလဲဆိုတော့… အမုန်းပွားစေတာတွေ၊ ပေါက်ကွဲစေတဲ့ လက်နက်ခဲယမ်းတွေ၊ အကြမ်းဖက်မှုကို အားပေးတာတွေ၊ သွေးထွက်သံယိုပုံတွေ၊ ထိရှလွယ်တဲ့ကိစ္စတွေ…စသဖြင့် ယေဘုယျအတော်ဆန်တဲ့ အချက်တွေကိုသာ ဖေါ်ပြထားပါတယ်။

အဲဒီတော့ ပြဿနာတက်နိုင်တဲ့ပုံတွေကိုရှောင်၊ စကားလုံးတွေကိုရှောင်ရင်းနဲ့ သတင်းသမားဟာ self-sensor ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ အဲလို ဖိအားတွေများလာရင်းနဲ့ အခုဆိုရင် သတင်းအဖွင့်အတွက် အကောင်းဆုံး ဓာတ်ပုံကိုရွေးမလား- ပြဿနာမရှိတဲ့ပုံကို ရွေးမလားဆိုတာ စဉ်းစားလာရပါတယ်။ သတင်းအဖွင့်အတွက် ခွန်အားအရှိဆုံးအသံကိုရွေးမလား- သေတာ-သတ်တာ-တိုက်တာ- မပါတဲ့ စကားလုံးကိုပဲရွေးရမလားဆိုတာ စဉ်စားနေရပါတယ်။

ဆိုတော့ ဆိုရှယ်မီဒီယာမှာ တကယ့်ကို self-sensor ရှိလာနေပြီဖြစ်ပါတယ်။

(၄) ဆိုရှယ်မီဒီယာမှာ ဘယ်သူ အယ်ဒီတာလဲ

ကမ္ဘာကြီးရဲ့ အခြားဒေသတွေမှာလည်း မြန်မာနိုင်ငံမှာလိုပဲ ဆိုရှယ်မီဒီယာ၊ အထူးသဖြင့် Facebook လူသုံးများလား၊ မြန်မာလိုပဲ သတင်းသမားတွေ self-sensor မိနေလား စာရေးသူ အသေချာမသိပါ။ နိုင်ငံတကာ သတင်းဌာနအတော်များများကတော့ သတင်း လင်ခ် လောက်ကိုပဲ ဆိုရှယ်မီဒီယာပေါ်တင်ပြီး အပြည်အစုံကို ဝက်ဆိုက်ထဲ ဝင်ဖတ်ရပါတယ်။

မြန်မာမှာတော့ အဲဒီလိုမရ၊ ဝက်ဆိုက်ထဲအထိဝင်ဖတ်သူအတော်နည်းတဲ့အတွက် သတင်း-စတိုရီ တပုဒ်လုံးကို ဆိုရှယ်မီဒီယာပေါ် အပြီးတင်နေကြတာတွေ့ရပါတယ်။ မြန်မာတခုတည်း ကွက်ဖြစ်နေတာမဟုတ်ပေမယ့် မြန်မာ့အခြေအနေက အားလုံးထက် ပိုထူးနေတာဖြစ်နိုင်ပါတယ်။

အဲတော့ ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းသင့်သလဲ။ ပထမ ဆုံးရှင်းဖို့လိုတာကတော့ မြန်မာမီဒီယာ ပေ့ချ်တွေကို ဒီလို ကန့်သတ်နေတာဟာ စစ်ကောင်စီဖက်ကနေ ရီပုဒ်ထုလို့လား…။ ဒါဆိုရင်တော့ ဆွေးနွေးစရာသိပ်မရှိပါ။ မြန်မာ့ဒီမိုကရေစီ အရေးတိုက်ပွဲမှာ Facebook ဘယ်ဖက်က ရပ်တည်ခဲ့သလဲဆိုတာ သမိုင်းက ဆုံးဖြတ်ပါလိမ်မ့ယ်။

ဒါပေမယ့် စစ်ကောင်စီက ဖိအားပေးတာကြောင့်မဟုတ်ဘူး။ အော်တို App နဲ့ ချက်ကင် လုပ်လို့ (အရင် ဦးသိန်းစိန်း ခေတ်က ကုလားဆို အကုန်ပယ်-ဆိုပြီး ကုလားထိုင်၊ ကုလားပဲ၊ ကုလားကာတွေပါ ဖျက်ရတာမျီုး) သတ်၊ သေ၊ တိုက်၊ စစ်ပွဲ သဖြင့် အကုန် အော်တို ပိတ်နေတာမျိုးလား။ ပုံဆိုရင်လည်း သေနတ်ပါရင်၊ ယူနီးဖောင်းပါရင်၊ အလံပါရင်၊ ဒဏ်ရာပုံပါရင် အကုန်ပိတ် စနစ်နဲ့ အော်တို သွားနေတာမျိုးလား…ဒါဆိုရင်တော့ ဆွေးနွေးစရာရှိပါတယ်။

မြန်မာနိုင်ငံမှာ စစ်ဖြစ်နေချိန်ဆိုတော့ ဒီချိန်မှာ တင်ပြတဲ့သတင်းမှာ တိုက်ပွဲ၊ စစ်ပွဲ၊ သေနတ်၊ သေတာ၊ သတ်ခံရတာ … ဒီစကားလုံးတွေက ရှောင်လို့မရပါဘူး။ သေနတ်ပုံ၊ ဗုံးသီးပုံ၊ ယူနီဖောင်း၊ ဒဏ်ရာပုံတွေကလည်း ရှောင်လို့မရပါဘူး။ တကယ်လို့ App နဲ့ အော်တို စစ်နေတာဆိုရင်တော့ သာမန်တဦးချင်းတင်တာကို အဲလို လုပ်ရင် လုပ်ပါ။

သတင်းဌာနတွေက တင်တာကိုတော့ လူကိုယ်တိုင် ချက် စေချင်ပါတယ်။ Facebook မှာ မြန်မာဝန်ထမ်းတွေ ခန့်ထားတယ်လို့လည်း ကြားရပါတယ်။ ဒါပေမယ့် အဲဒီဝန်ထမ်းတွေက သတင်းတွေ၊ ပုံတွေကို စိစစ်နိုင်တဲ့ အယ်ဒီတာအဆင့်ရှိတဲ့ ဝန်ထမ်းတွေဟုတ်ရဲ့လား။ မဟုတ်သေးရင် အယ်ဒီတာအဆင့် ဝန်ထမ်းတွေကို ခန့်ပြီး ဆိုရှယ်မီဒီယာပေါ်က မြန်မာ့သတင်းစီးဆင်းမှုကို ချောမွေ့အောင် ဆောင်ရွက်ပေးစေချင်ပါတယ်။

ရှေ့မှာတင်ပြခဲ့တဲ့အတိုင်း စစ်တပ်က အာဏာသိမ်းထားချိန်မှာ လူထုတရပ်လုံးက ဆိုရှယ်မီဒီယာပေါ်က သတင်းကိုသာ အဓိကအားထားနေရတဲ့အတွက် Facebook တာဝန်ရှိသူတွေ၊ မြန်မာဝန်ထမ်းတွေအနေနဲ့ အခုတင်ပြချက်တွေကို အလေးထား စဉ်းစားပေးချင်ပါတယ်။ ဒီတင်ပြချက်တွေကိုအလေးမထားရင်တော့ လွတ်လပ်တဲ့သတင်းဌာနတွေက တင်ပြတဲ့ သတင်းတွေကို လူထုရရှိမှုတဖြေးဖြေးကျဆင်းသွားပြီး စစ်ကောင်စီဖက်က ဝါဒဖြန့်ချိရေး မီဒီယာတွေကို အားပေးအားမြောက်ပြုသလို ဖြစ်သွားနိုင်ပါတယ်။

အနည်းဆုံးအားဖြင့်တော့ ကြော်ညာခ လျော့ရင်လျော့ပါ။ ဒါပေမယ့် ပရိသတ်ဆီ သတင်းရောက်နှုန်းကို မထိခိုက်အောင် Reach ကိုမချဘဲ အခြားနည်းနဲ့ ဒဏ်ခတ်တာမျိုး ပြောင်းလုပ်စေချင်ပါတယ်။ ဒါဟာ စာရေးသူတဦးတည်းကြုံတွေ့နေရတာမဟုတ်ပါဘူး။ သတင်းဌာနအားလုံးနည်းပါး ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါကို တင်ပြလိုက်ရင် Reach ထပ် အချခံရလေမလားဆိုပြီး စိုးရိမ်တဲ့အတွက် မတင်ပြရဲဘဲဖြစ်နေတယ်လို့ မိတ်ဆွေအချို့က ပြောပါတယ်။

ဒါကြောင့် အခုတင်ပြချက်ကို ကွင်းထဲက သတင်းသမားတဦးရဲ့တင်ပြချက်အဖြစ် အလေးအနက်ထားပြီး Facebook တာဝန်ရှိသူ၊ မြန်မာဝန်ထမ်းတွေ၊ လုပ်ပိုင်ခွင့်ရှိသူ အားလုံး မြန်မာ့သတင်းလောကအတွက် အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းတခု ဝိုင်းစဉ်းစားပေးပါရန် အလေးအနက် တင်ပြလိုက်ရပါတယ်။

ထက်အောင်ကျော်