မွန်ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိန်း ကွယ်လွန်

0
1096

မွန်ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် နိုင်ငွေသိန်း (ခေါ်)နိုင်ဂျနူမွန်သည် ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ရန်ကုန်မြို့ တွင် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

အသက် ၈၉ နှစ်အရွယ် နိုင်ငွေသိန်းသည် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံတွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း နီးစပ်သူတို့က ပြောသည်။

နိုင်ငွေသိန်းသည် ကရင်ပြည်နယ်၊ ထုံးအိုင်ရွာဇာတိဖြစ်ပြီး ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က မွေးဖွားခဲ့သည်။

နိုင်ငွေသိန်း၏ ရုပ်အလောင်းကို မော်လမြိုင်သို့ သယ်ဆောင်လာမည်ဖြစ်ပြီး စျာပနအခမ်းအနားကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

နိုင်ငွေသိန်းသည် ဘုန်းကြီးကျောင်းတွၚ် အကြီးတန်းအထိ ပညာသင်ကြားခဲ့ကာ ကိုရင်ဘဝဖြင့်ပင် ၁၀ တန်းအောင်ခဲ့ပြီး တက္ကသိုလ်ပညာများကို ဘွဲ့ရသည်အထိ သၚ်ကြားခဲ့သည်။

နိုင်ငွေသိန်းသည် ဘွဲ့ရပြီးနောက် ကျောင်းဆရာဝင်လုပ်ခဲ့ရာမှ မြို့နယ်ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးတာဝန်အဆင့်ဆင့်ကို ထမ်းဆောင်ခဲ့ပြီး အထက်မြန်မာပြည် ပညာရေးမှူးအဖြစ် ၂ဝဝဝ ပြည့်နှစ်တွင် အငြိမ်းစားယူခဲ့သည်။

၂ဝ၁ဝ ခုနှစ် ဧပြီလတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဖွဲ့စည်းရာ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

နိုင်ငွေသိန်းသည် နိုင်ငံရေးသမားဘဝမတိုင်မီ မွန်ခေတ်ပေါ်တေးဂီတဝိုင်း “လျးဟံသာ” ကို ဦးစီးတည်ထောင်ခဲ့ပြီး မွန်တေးသီချင်းလောကတွင် တေးပြုစာဆိုအဖြစ် ထင်ရှားခဲ့သူဖြစ်သည်။

နိုင်ငွေသိန်း ရေးသားခဲ့သည့် သီချင်းအများစုသည် ခေတ်စနစ်ကိုတော်လှန်သည့် သီချင်းများ ဖြစ်ပြီး ယနေ့ထက်တိုင် မွန်ပြည်သူများအကြား ရေပန်းစားနေဆဲ ဖြစ်သည်။

နိုင်ငွေသိန်းသည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဋ္ဌ၊ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယင်းနှစ်ပါတီကို ပေါင်းစည်းတည်ထောင်သည့် မွန်ညီညွတ်ရေးပါတီတွင်လည်း ပါတီနာယကကြီးအဖြစ် ကွယ်လွန်အချိန်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငွေသိန်းသည် တက္ကသိုလ်ကျောင်းသားဘဝကတည်းက မွန်အမျိုးသားရေးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ပြီး

မွန်တေးသီချင်းရေးသားခြင်းအပြင် မွန်စာပေသုသေတနပြုလုပ်ခြင်း၊ မွန်စာတမ်းဖတ်ပွဲပြုလုပ်ခြင်း အစရှိသည့် အမျိုးသားရေးလှုပ်ရှာမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်သည်။

နိုင်ငွေသိန်း ကွယ်လွန်ချိန်တွင် သမီး သုံးဦး ကျန်ရစ်ခဲ့သည်။