ကော့သောင်းသို့ သယ်ဆောင်သည့် မူယစ်ဆေးပြား ရှစ်သိန်းကျော်ဖမ်းမိ

0
1888
ဓာတ်ပုံ - CCDAC MYANMAR

ကော့သောင်းမြို့သို့ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ရှစ်သိန်းကျော် ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲသုံးချမှု ထိန်းချုပ်ရေးဗဟိုကော်မတီက ဇန်နဝါရီလ ၁၀ ရက်နေ့က ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေးများကို ထားဝယ်မြို့တွင် နေထိုင်သည့် ဇနီးမောင်နှံ နှစ်ဦးနှင့် နောက်ထပ် အမျိုးသမီးတစ်ဦးတို့က သယ်ဆောင်လာခြင်းဖြစ်သည်ဟုဆိုသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်းကျေးရွာအနီး ပဲခူးဖက်မှလာသည့် အိမ်စီးကားကို ရပ်တန့်စစ်ဆေးစဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ကားပေါ်တွင် ဦးသူရဝင်းနှင့် ဇနီးဒေါ်အေးသန္တာအောင် အပြင် နောက်ထပ်အမျိုးသမီးတစ်ဦး ဖြစ်သည့် ဒေါ်ဖူးဖူးဝေတို့ လိုက်ပါလာကြောင်း ဆိုသည်။

ကားကို စစ်ဆေးရာ စိတ်ကြွမူးယစ်ဆေးပြား ရှစ်သိန်းကျော် ကာလတန်ဖိုး ကျပ်သိန်း တစ် ၁ဒသမ ၇ ဘီလီယံကျော် ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဦးသူရဝင်းတို့ ဇနီးမောင်နှံ နေထိုင်သည့် ထားဝယ်မြို့ ဗျောတောဝရပ်ကွက်ရှိ နေအိမ်တွင်လည်း ကားတစ်စီး၊ ဆိုင်ကယ်နှစ်စီး ငွေသား ၇၉ သိန်းကျော်နှင့် နိုင်ငံခြားငွေ အပါအဝင် ကာလတန်ဖိုး သိန်း ၉၀၀ကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်း ၃၉ မျိုးကိုလည်း ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါမူးယစ်ဆေး ဝါးများကို ရှမ်းပြည်နယ် တောင်ကြီးမြို့မှတစ်ဆင့် တနင်္သာရီတိုင်း ကော့သောင်းမြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း စစ်ဆေးချက်အရသိရသည်ဟု ဆိုသည်။

ထို့နောက် ဇန်နဝါရီ ၄ ရက်နေ့တွင် ကွင်းဆက် တရားခံ ကိုရှည် (ခေါ်) ကျော်ထက်နှင့် ကိုခင်ဇော်မြင့် ဆိုသူနှစ်ဦးကို ကော့သောင်းမြို့၌ ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကွင်းဆက်တရားခံများကို ဆက်လက်ဖော်ထုတ်လျက်ရှိပြီး အမှုတွင် ဆက်စပ်ပါဝင်သူများထံမှ သိမ်းဆည်းရမိသည့် ရွှေငွေ အဖိုးတန်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး ငွေကြးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း CCDA MYANMAR ထံမှသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့ကလည်း နိုင်ငံဖြတ်ကျော်သယ်ဆောင်မည့် ငွေကျပ် ၁၀၄ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေး ICE ၂၆၀၀ကီလိုဂရမ်ကို ကော့သောင်းမြို့၏ အနောက်တောင်ဘက် ပင်လယ်ပြင်တွင် ဖမ်းမိခဲ့သေးသည်။