မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းကို ထောက်ပို့ ၁၂ ဖွဲ့က ဘဏ္ဍာငွေထောက်ပံ့မှုရပ်ဆိုင်း

0
5319

ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားနှစ်ဦးအပေါ် ကျူးလွန်ခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းကို ဘဏ္ဍာငွေထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပြည်ပရောက်ထောက်ပို့အဖွဲ့ ၁၂ ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် ပူးတွဲထုတ်ပြန်လိုက်သည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က မွမ်းမံသင်တန်း မတက်သည့် ရဲဘော်ရောင်နီကို ဒုတပ်ရင်းမှူး ကျော်ထင်အောင်က လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်မပေးဘဲ သေနတ်ဒင်နှင့်ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

လက်အောက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလားဟု မေးခွန်းထုတ်ခဲ့သည့် ဒုဘဏ္ဍာရေးမှူးလည်းဖြစ် ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သေးသည်။

လက်အောက်ငယ်သားနှစ်ဦးအပေါ် ယင်းသို့ပြုမူခဲ့သည့် ဒုတပ်ရင်းမှူးကို သက်ဆိုင်ရာ တာဝန်ရှိသူများက အပြစ်ပေးအရေးယူမှုမရှိသဖြင့် ထောက်ပို့ ၁၂ ဖွဲ့က ထောက်ပံ့မှု ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်လာခြင်းဖြစ်သည်။

ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသလို တရားမျှတမှုရရှိသည်အထိ မဖြေရှင်းပါက ထောက်ပံ့ခြင်းကိစ္စများကို ရပ်ဆိုင်းထားမည်ဟု ဖော်ပြထားသည်။

တိုင်းတပါးတွင် အလုပ်လုပ်ပြီးရသည့်ငွေများကို ခြိုးခြံချွေတာစား နေထိုင်ပြီး တော်လှန်ရေးအဖွဲ့များကို အားကြိုးမာန်တက်ထောက်ပံ့နေသည်မှာ အာဏာရှင်ကို အမြစ်ဖြတ်တော်လှန်ချင်စိတ်ဖြင့် ထောက်ပံနေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ကျွန်တော်တို့အားလုံးက အာဏာရှင်ကိုတော်လှန်နေတဲ့အချိန်မှာ ကိုယ့်အချင်းချင်းက အာဏာရှင်ဆန်တဲ့လုပ်ရပ်တွေကို ဒါတွေကို လက်မခံနိုင်ဘူးပေါ့၊ ဒုတပ်ရင်းမှူးကို အပြစ်မပေးဘူးဆိုရင် တပ်ဖွဲ့ထဲက တပ်သားတွေ တော်လှန်ရေးကနေနောက်ဆုတ်သွားမှာ တအားကြောက်တယ်” ဟု မျှဝေသောလက်များအဖွဲ့မှ တာဝန်ရှိသူ ကိုဟန်ဝင်းအောင်က ဆိုသည်။

အဆိုပါ ကိစ္စကို ကာကွယ်ရေးဝန်ကြီးဌာန-MOD ၏ တိုင်ကြားရေးကော်မတီက ကိုင်တွယ်လုပ်ဆောင်နေသည်ဟု မြိတ်ခရိုင် အမှတ်(၁) တပ်ရင်း တာဝန်ခံ ကိုအဲလစ်က ပြောသည်။

“MOD ရဲ့ လမ်းညွှန်ချက်ကိုပဲ စောင့်နေပါတယ်” ဟု ကိုအဲလစ်က ဆိုသည်။

ရဲဘော်ရောင်နီမှာ ယနေ့အထိ အချုပ်ချခံထားရပြီး ဒုတပ်ရင်းမှူးကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ယနေ့အထိ တစ်စုံတရာ အပြစ်ပေးအရေးယူမှုမရှိသဖြင့် NUG၊ MOD ထံတိုင်ကြားထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းက ရဲဘော်တစ်ဦးက ပြောသည်။

“ဥပဒေအတိုင်းအပြစ်ပေးစေချင်တယ်” ဟု ၎င်းက ဆိုသည်။

လက်မှတ်ရေးထိုးထားသည့် ထောက်ပို့ ၁၂ ဖွဲ့သည် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းက တော်လှန်ရေးအင်အားစုများကို အဓိကထောက်ပံ့ပေးနေသည့် အဖွဲ့များဖြစ်ပြီး အထက်မြန်မာပြည်က တော်လှန်ရေးတပ်ရင်းတပ်ဖွဲ့များကိုလည်း အလျဉ်းသင်သလို ကူညီထောက်ပို့ပေးနေသည့် အဖွဲ့များဖြစ်သည်ဟု ကိုဟန်ဝင်းအောင်က ပြောသည်။