လက်နက်ကိုင်တစ်စုက ဖမ်းသွားသည့် ပုလော၊ ကျောက်တောင်ရွာသား သေဆုံးလျက်ပြန်တွေ့

0
1109

နှစ်သစ်ကူးနေ့(ဒီဇင်ဘာ ၃၁)တွင် လက်နက်ကိုင်လူတစ်စုက ဖမ်းသွားသည့် ပုလောမြို့နယ်၊ ကျောက်လုံးကြီးကျေးရွာအုပ်စုမှ ကျောက်တောင်ရွာသားကို သေဆုံးလျက်ပြန်တွေ့ကြောင်း ဒေသခံများက ပြောသည်။

“သူက မွန်လူမျိုး၊ မိဘတွေဘာတွေလည်းမရှိဘူး၊ ဖြစ်စဉ်က တစ်ပတ်ကျော်သွားပြီပေါ့နော်၊ ဓားနဲ့ထိုးသတ်ထားတာပါ၊ အသတ်ခံရပြီး နောက်တစ်နေ့ ညနေလောက်မှ အလောင်းကို ငှက်ပစ်တဲ့ ကရင်ကလေးတွေက တွေ့တာ”ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

အလောင်းကို ညောင်ရှင်ကုန်းကျေးရွာနှင့် ကံပေါင်ကြီးရွာကြားက လမ်းဘေး မြောင်းထဲတွင် လာပစ်ထားသည်ကို ဇန်နဝါရီလ ၂ ရက်နေ့က တွေ့ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

သေဆုံးသူနှင့်အတူ နှစ်သစ်ကူးနေ့က ဖမ်းဆီးခံရသူ နောက်အမျိုးသားတစ်ဦးမှာ အသက် ၅၀ ကျော်အရွယ် ဦးစိုးသိန်းဆိုသူဖြစ်ပြီး KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း-၁၂ က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဖမ်းဆီးခံထားရသည့် ဦးစိုးသိန်းမှာမူ အဆက်အသွယ်မရသေးပေ။

“မူးယစ်ဆေးဝါးရောင်းလို့ သူတို့ဖမ်းတာပဲကျွန်တော်သိတယ်၊ ရှင်းလင်းလိုက်တဲ့ကိစ္စတော့ မသိဘူး” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

အဆိုပါ ဒေသခံနှစ်ဦးကို မူးယစ်ဆေးဝါးသုံးစွဲ၊ ရောင်းဝယ်သဖြင့် KNU တပ်မဟာ(၄) တပ်ရင်း- ၁၂ က ဖမ်းသွားသည်ဟု ကြားသိရကြောင်း ယင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဘယ်ကိုဖမ်းဆောင်သွားလဲဆိုတာတော့ ကျွန်တော်မသိဘူး၊ မသတ်ဘူး၊ သူတို့ကို သတ်လိုက်ပြီဆိုတာ ဘယ်သူပြောလဲ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စကို KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာကို မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပုလောမြို့နယ်ရှိ ကျောက်တောင်ရွာမှာ အိမ်ခြေတစ်ထောင်ကျော်ရှိသည့် ဖွံ့ဖြိုးတိုးတက်သည့် ရွာကြီးတစ်ရွာဖြစ်သည်။