ညောင်ပင်ကွင်းရွာအုပ်စုတွင် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး မိုင်းနင်မိပြီး ခြေတစ်ဖက်ဆုံးရှုံး

0
1404

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အနောက်ဘက်ကမ်းရွာတွင် ဇန်နဝါရီလ ၉ ရက် ညနေပိုင်းက အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာခြေထောက်တစ်ဖက် ဆုံးရှုံးပြီး ၎င်းနှင့်အတူ လိုက်ပါ လာသည့် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရကြောင်း ဒေသခံများထံက သိရသည်။

စိုက်ခင်းမှ ပြန်လာစဉ် စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်း အရှေ့ဘက်ရှိ ရော်ဘာခြံတစ်ခုအတွင်း မိုင်းနင်းမိခြင်းဖြစ်ကြောင်း ဒေသခံတို့ကပြောသည်။

မိုင်းနင်းမိပြီး အသက် ၆၇နှစ်အရွယ် ဒေါ်သွယ်မှာ ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့ပြီး အတူလိုက်ပါလာသည့် အသက် ၃၆နှစ်အရွယ် မမီးကမ်းဆိုသူမှာ မိုင်းစထိမှန် ဒဏ်ရာရခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

“မနက်က သွားတုန်းကလည်း ရော်ဘာခြံကိုဖြတ်ပြီးသွားတာပဲ။ အသွားတုန်းက မနင်းမိဘူး။ အပြန်မှ နင်းမိတာ။ နင်းမိတဲ့အချိန် ညနေ ၆နာရီထိုးနေပြီ။ နင်းမိတဲ့မိန်းမကြီးက ဆေးရုံတင်သွားရတယ်။ အဲဒီမိန်းမကြီးနဲ့ ပေ ၂၀လောက်အကွာက လိုက်လာတဲ့တစ်ယောက်က အစတွေ စင်တဲ့ဒဏ်ရာရတယ်” ဟု ညောင်ပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

ဒေါ်သွယ်သည် ဒဏ်ရာပြင်းထန်သဖြင့် မြိတ်မြို့ရှိ စစ်ဆေးရုံသို့ပို့ဆောင်ကာ ဘယ်ခြေထောက် ဖြတ်တောက်လိုက်ရကြောင်း ၎င်းက ဆိုသည်။

မမီးကမ်းမှာ ဒဏ်ရာ မစိုးရိမ်ရသဖြင့် ၎င်း၏နေအိမ်တွင်ပင် ဆေးကုသနေကြောင်း အဆိုပါရွာသားက ဆက်လက်ပြောဆိုသည်။

ပြီးခဲ့သည့်နှစ် မတ်လကလည်း ခမရ ၅၆၁ တပ်ရင်း၏ အနောက်ဘက်ရှိရော်ဘာခြံတစ်ခုအတွင်း အသက်၅၀အရွယ်အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးခြေတစ်ဖက် ဆုံးရှုံးခဲ့သေးသည်။

ခမရ ၅၆၁ ပတ်ဝန်းကျင်ရှိ တပ်ပြင်ဧရိယာ မီတာ ၃၀၀ပတ်လည်တွင် နင်းမိုင်းများထောင်ထားသဖြင့် အဆိုပါကန့်သတ် နယ်မြေအတွင်း လူနှင့် ကျွဲ၊နွားများ မဝင်ရောက်ရန် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ၄ ရက်စွဲဖြင့် ခမရ ၅၆၁ တပ်ရင်းက တနင်္သာရီမြို့နယ် ထွေအုပ်ရုံးသို့လိပ်မူပြီး အကြောင်းကြားစာပို့ထားကြောင်း ၎င်းမြို့နယ်အုပ်ချုပ်ရေး အသိုင်းအဝိုင်းထံက သိရသည်။