ထိုင်းတွင် အသားစိမ်းများ ကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်ပွားမှုများလာ

0
1140

ထိုင်းတွင် လွန်ခဲ့သော သုံးပတ်အတွင်း အသားစိမ်းကိုင်တွယ်၊စားသုံးမှုမှတစ်ဆင့် အကြားအာရုံဆုံးရှုံးပြီး လူကို သေစေနိုင်သော Streptococcus suis ရောဂါ ကူးစက်ဖြစ်ပွားမှု များပြားလာနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ၂၁ ရက်အတွင်း ကူးစက်ရောဂါဖြစ်ပွားနေသူ အနည်းဆုံ ၁၃၇ ဦးအထိ ရှိလာပြီး သေဆုံးသူ ၈ ဦးအထိ ရှိနေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်များ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ကူးစက်ပြန့်ပွားမှုနှင့် လူသေဆုံးမှုကို နခွန်ရက်ချာစီမားခရိုင်တွင် အများဆုံးတွေ့ရှိရပြီး ရောဂါပိုးရှိနေသော ဝက်သားစိမ်းစားသုံးခြင်း သို့မဟုတ် ကိုင်တွယ်ခြင်းများကတစ်ဆင့် ကူးစက်ပျံ့နှံ့လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

Streptococcus suis ရောဂါသည် ရောဂါပိုးရှိနေသော ဝက်သားများကို အစိမ်းစားသုံးခြင်း၊ ကိုင်တွယ်ခြင်းကတစ်ဆင့် အလွယ်တကူ ကူးစက်ခံရနိုင်သော ရောဂါပိုး တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသည်။

ရောဂါကူးစက်ခံရပါက ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အကြားအာရုံဆုံးရှုံးနိုင်ခြင်းအပြင် အဆိုးဆုံးအဖြစ် အသက်သေဆုံးစေနိုင်ကြောင်း သတိပေးဖော်ပြထားသည်။

ယခု ကူးစက်မှု များလာခြင်းသည် ဝက်သားစိမ်းနှင့် မကျက်သေးသော အသားစိမ်းများကို စားသုံးခြင်း၊ ဝက်အူချောင်းနှင့် ဝက်သွေးစိမ်းများကို စားစရာအဖြစ် ဖန်တီးစားသုံးခြင်းများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း ဖော်ပြထားသည်။

ဝက်သားစိမ်းများကို မစားသုံးရန်နှင့် အပူချိန် ၇၀ ဒီဂရီ အထက် အနည်းဆုံး ၁၀ မိနစ်ခန့် ချက်ပြုတ်ပြီးမှသာ စားသုံးသင့်ကြောင်း ရောဂါထိန်းချုပ်ရေးဌာန DCD က အကြံပြုထားသည်ကို ဖော်ပြထားသည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း Streptococcus suis ရောဂါကူးစက် ဖြစ်ပွားမှု ၅၉၂ မှုနှင့် သေဆုံးသူ ၃၂ ဦးရှိခဲ့ပြီး နေ့စားအလုပ်သမားများ၊ လယ်သမားများနဲ့ အိမ်ရှင်မများထံတွင် အများဆုံး ကူးစက်ခံခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: The Nation