စုဖွဲ့နိုင်ရေး အဖြေရှာလာသည့် တောင်ပိုင်းတော်လှန်ရေး အင်အားစုများ (၂)

0
1157

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်များ၏ ခုခံတွန်းလှန်စစ်နှင့်အတူ နိုင်ငံရေးအစုအဖွဲ့များလည်း အားကောင်းလာကြသည်။

စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် အင်အားစုအသီးသီးဖြင့်ဖွဲ့စည့်ထားသော မြို့နယ်အလိုက် နိုင်ငံရေးအင်အားစုများမှာ တနင်္သာရီတိုင်းအတွင်း ၂၀၂၂ ခုနှစ်ဝန်းကျင်တွင် စတင်ပေါ်ပေါက်လာသည်။

ထိုနောက် မြို့နယ်အစုအဖွဲ့များကို အခြေခံကာ ခရိုင်အလိုက် နိုင်ငံရေးဦးဆောင်အဖွဲ့များ၊ နိုင်ငံရေးအစုအဖွဲ့များ ဖွဲ့စည်းလာကြပြီး နိုင်ငံရေးအရစုစည်းရန် ကြိုးပမ်းကြသည်။

လက်ရှိအချိန်တွင်မူ ထားဝယ်၊မြိတ်၊ ကော့သောင်းခရိုင်အစုအဖွဲ့များက ၃ ခရိုင်စုစည်းကာ တိုင်းအဆင့်အစုအဖွဲ့တစ်ခု သို့မဟုတ် အားလုံးပါဝင်သည့် နိုင်ငံရေး ဦးဆောင်မှုတစ်ခုပေါ်လာစေရန် အားထုတ်နေကြသည်။

မြို့နယ်အဆင့်နှင့် ခရိုင်အဆင့်အစုအဖွဲ့တွင် မပါဝင်သေးသည့် အစုအဖွဲ့များအနေဖြင့် တိုင်းအဆင့်တွင်ပါဝင်နိုင်ရေး တွေ့ဆုံဆွေးနွေးရန် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းကာ တွေ့ဆုံဆွေးနွေးနေပြီဖြစ်သည်။

ယင်းကြောင့် ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့၏ လက်ရှိလုပ်ဆောင်နေမှုများနှင့် ယင်းလုပ်ဆောင်မှုများအပေါ် အင်အားစုအသီးသီးက မည်သို့ရှုမြင်ကြသည်များကို သိရှိနိုင်ရန်အတွက် အင်အားစုအသီးသီးမှ တာဝန်ရှိသူများကို တွေ့ဆုံကာ တနင်္သာရီပုံရိပ်အစီအစဉ်တွင် အပိုင်းလိုက် စီစဉ်တင်ဆက်သွားပါမည်။

ယခုအပတ်တွင် မြိတ်ခရိုင်နိုင်ငံရေးအင်အားစုမှ တာဝန်ရှိသူ ကိုမိုးသူအောင်ကို တွေ့ဆုံမေးမြန်း ဖော်ပြလိုက်ပါသည်။

“တိုင်းအဆင့်စုဖွဲ့ဖို့အတွက်ကို ကျွန်တော်တို့ကြိုးစားနေကြတာဖြစ်တယ်”

ကိုမိုးသူအောင်၊ တာဝန်ရှိသူ – မြိတ်ခရိုင်နိုင်ငံရေးအင်အားစု

(မြိတ်ခရိုင်နိုင်ငံရေးအစုအဖွဲ့ကို ၂၀၂၂ ခုနှစ်ဧပြီလဝန်းကျင်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ယင်းအစုအဖွဲ့တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အချို့နှင့် တော်လှန်ရေးအင်အားစု အသီးသီးပါဝင်ကြသည်)

DW ။ အခုဆိုရင် ၃ ခရိုင်စုပေါင်းပြီး အစုအဖွဲ့တစ်ခု စုဖို့အတွက် လုပ်ဆောင်နေတယ်လို့ ကြားတယ်ပေါ့နော်။ ဆိုတော့ ဘယ်လိုပုံစံနဲ့ ဘယ်လိုစုဖွဲ့ပြီး ဘာဆက်လုပ်ဖို့ရှိလဲခင်ဗျား။ရည်မှန်းချက်က ဘာဖြစ်မလဲပေါ့နော်ခင်ဗျား။

ဖြေ ။ ခရိုင်သုံးခု စုပေါင်းပြီးတော့လုပ်ဆောင်တဲ့ဟာက အဓိကကတော့ ကျွန်တော်တို့ တနင်္သာရီတိုင်းမှာ နိုင်ငံရေးပလက်ဖောင်း တစ်ခုပေါ့လေ။ နိုင်ငံရေးပလက်ဖောင်းတစ်ခု ပေါ်ပေါက်လာဖို့အတွက်ကို အဓိကရည်ရွယ်တယ်ပေါ့။ အဲဒီကနေမှတဆင့် တနင်္သာရီတိုင်း ဖယ်ဒရယ်ယူနစ်တစ်ခုကို ဖော်ဆောင်နိုင်ဖို့အတွက်ကို အဓိကရည်မှန်းကြတာဖြစ်ပေါ့လေ။ ဆိုတော့ ကျွန်တော်တို့ ၃ ခရိုင်အနေနဲ့ စုပေါင်းပြီးတော့ပုံဖော်နေတဲ့ဟာသည် ၃ ခရိုင်ကနေပြီးတော့ အစုအဖွဲ့လေးတစ်ခုကို စုဖွဲ့လိုက်ကြတယ်ပေါ့။ ဆိုတော့ အဲဒါကတော့ ၃ ခရိုင် ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ပေါ့လေ။ ၃ ခရိုင်ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ဆိုပြီးတော့ အဖွဲ့တစ်ခုအနေနဲ့ လုပ်လိုက်တယ်ပေါ့။ အဲဒီမှာက ခရိုင်တစ်ခုကို ကိုယ်စားလှယ် ၃ ဦးစီနဲ့ပေါ့။ အားလုံးပေါင်း ၉ ဦးပေါ့။ ဆိုတော့ ၉ ဦးနဲ့ ကျွန်တော်တို့ စုဖွဲ့ကြတယ်။ စုဖွဲ့ကြပြီးတော့ အဓိကကတော့ ဘာလဲဆိုတော့ ခရိုင်အလိုက် စုစည်းကြတဲ့အခါမှာ အဲဒီမှာ မပါဝင်သေးတဲ့အစုအဖွဲ့တွေကို ထပ်မံပြီးတော့ ပါဝင်လာဖို့အတွက်ကို လိုက်လံဆွေးနွေးတာပေါ့။ အဓိကကတော့ ပါဝင်လာဖို့ဆိုတာက ကျွန်တော်တို့ ခရိုင်မှာလာပြီးတော့ ပါဝင်ဖို့မဟုတ်ဘူးပေါ့လေ။ အခုဟာက တိုင်းအဆင့်စုဖွဲ့ဖို့အတွက်ကို ကျွန်တော်တို့ကြိုးစားနေကြတာဖြစ်တယ်။ ဆိုတော့ တိုင်းအဆင့်စုဖွဲ့ဖို့ ကြိုးစားနေကြတာဖြစ်တဲ့အတွက် တိုင်းအဆင့်စုဖွဲ့နိုင်ဖို့အတွက်ကို အပြင်မှာရှိနေသေးသော တိုင်းအဆင့်အစုအဖွဲ့တွေပေါ့လေ သဘောအားဖြင့်တော့။ တိုင်းအဆင့်ရှိတဲ့ အစုအဖွဲ့တွေ။ တချို့ကလည်း ခရိုင်အဆင့်စုဖွဲ့တဲ့နေရာမှာ မပါဝင်နေသေးဘူးပေါ့လေ။ မပါသေးဘူးပေါ့။ အဲတော့ တိုင်းအဆင့်ရောက်မှပဲ ပါမယ်ဆိုတဲ့ အစုအဖွဲ့တွေရှိသေးတာကိုး။ ကျွန်တော်တို့က အဲဒီအစုအဖွဲ့တွေကို လိုက်လံပြီးတော့ ဆွေးနွေးပြီးတဲ့အခါကျတော့ ကျွန်တော်တို့ တိုင်းအဆင့်စုဖွဲ့ကြမယ်ပေါ့လေ။ ဒါကြောင့်မို့လို့ ဒီမှာအားလုံးပဲ ပါဝင်ပြီးတော့ ပူးပေါင်းပြီးတော့ အတူတကွဒီဟာကိုသွားကြဖို့ဆိုတဲ့ ရည်မှန်းရည်ရွယ်ချက်နဲ့ ကျွန်တော်တို့တွေ့ဆုံဆွေးနွေးနေကြတာ ဖြစ်တယ်ပေါ့။

DW ။ ဆိုတော့လေ အခုလက်ရှိ တိုင်းအဆင့်အစုအဖွဲ့လို့ပဲ ခေါ်ရမလားမသိဘူးပေါ့နော်။အဲလိုမျိုး အစုအဖွဲ့ပေါ်လာတယ် ဆိုရင် တော်လှန်ရေးအပေါ်မှာရော ဘယ်လိုမျိုးသက်ရောက်မှုတွေ အားကောင်းမှုတွေရှိလာမလဲခင်ဗျား။

ဖြေ ။ ဒီဟာက ဘာလဲဆိုတော့ တခြားသော တိုင်းနဲ့ပြည်နယ်တွေမှာလည်းပဲ ဒီလိုမျိုးလုပ်ဆောင်ကြတယ်ပေါ့လေ။ ဥပမာ ကရင်နီလိုဟာမျိုးတွေ။စစ်ကိုင်းမှာဆိုလို့ရှိရင်လည်းပဲ စစ်ကိုင်းဖိုရမ်အနေနဲ့ ပြုလုပ်ပြီးတော့ ဒီဟာကို သူတို့ကြိုးစားဆောင်ရွက်နေ တဲ့ဟာတွေလည်းရှိတယ်ပေါ့။ဆိုတော့ တနင်္သာရီတိုင်းမှာလည်းပဲ နိုင်ငံရေးအရဦးဆောင်ပြီးတော့ သွားနိုင်မယ့်အစုအဖွဲ့တစ်ခု ပေါ့လေ။အဲဒီဟာမျိုး ပေါ်ပေါက်ဖို့အတွက်ကို ကျွန်တော်တို့ရည်မှန်းတာဖြစ်တယ်ပေါ့။ရည်ရွယ်တာဖြစ်တဲ့အတွက် ကျွန်တော်တို့က နိုင်ငံရေးအစုအဖွဲ့တစ်ခု နိုင်ငံရေးအရဦးဆောင်နိုင်တဲ့ အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာတယ်ဆိုလို့ရှိရင် ဘာပဲဖြစ်ဖြစ် ဒီတော်လှန်ရေးဘက်မှာလည်းပဲ တော်လှန်ရေးနဲ့ နိုင်ငံရေးကို ကျွန်တော်တို့ကအတူတကွယှဉ်တွဲပြီးတော့ သွားရမယ်ဆိုတဲ့ ဒီလိုအမြင်မျိုးတော့ရှိတယ်ပေါ့လေ။ဘာပဲဖြစ်ဖြစ် တော်လှန်ရေးမှာ နိုင်ငံရေးရဲ့အခန်းကဏ္ဏသည်လည်း အရေးကြီးတယ်ပေါ့လေ။ ဆိုတော့ ဒါသည်မရှိမဖြစ်ရှိရမယ့် အနေအထားဖြစ်တယ်လို့ မြင်တယ်ပေါ့လေ။ ဆိုတော့ နိုင်ငံရေးအရဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းပေါ့ ကျွန်တော်တို့တိုင်းမှာ ဒီဟာကို ကျွန်တော်တို့ပုံဖော်ခြင်းဖြစ်တယ်ပေါ့လေ။

DW ။ ဆိုတော့လေခင်ဗျား။ ပြီးခဲ့တဲ့လပိုင်းကပဲ CRTH ကနေပြီးတော့ ကြားကာလအစီအမံဥပဒေ(တနင်္သာရီ ဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ပြင်ဆင်မှုဆိုင်ရာ ဥပဒေ) ပြဌာန်းတယ်ပေါ့လေ။ အဲဒီအချိန်တုန်းကလည်း ထားဝယ်ခရိုင် မြိတ်ခရိုင် ကော့သောင်းခရိုင်အပါအဝင် အစုအဖွဲ့နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာတွေ ထုတ်ကြတာပေါ့နော်။ ဆိုတော့ လက်ရှိ တိုင်းအဆင့်စုဖွဲ့တဲ့အချိန်မှာကျတော့ရော အဲဒီဥပဒေပြဌာန်းတဲ့ CRTH နဲ့ ဘယ်လိုမျိုး ဘယ်လိုမျိုးဆောင်ရွက်ဖို့ရှိလဲပေါ့နော်ခင်ဗျား။

ဖြေ ။ ဒါက ကျွန်တော်တို့က ပြောလို့ရှိရင်ဗျာ ဒီဟာတွေသည် ကျွန်တော်တို့အတူတကွ ပူးပေါင်းပြီးတော့ သွားကြရမယ့် အစုအဖွဲ့တွေဖြစ်တယ်ပေါ့။ ကျွန်တော်တို့ရဲ့ မူဝါဒပိုင်းဆိုင်ရာမှာလည်းရှိပါတယ်။ CRTH အနေနဲ့ တိုင်းအဆင့်စုဖွဲ့တဲ့ အခါမှာ သူသည်လည်း အစုအဖွဲ့တစ်ခုအနေနဲ့ ဒီထဲမှာပါဝင်လာဖို့အတွက်ကို ကျွန်တော်တို့တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်တယ်ပေါ့။ဘာကြောင့်လဲဆိုတော့ ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ပြီးခဲ့တဲ့ရက်ပိုင်းကလုပ်ဆောင်လိုက်တဲ့ ကြားကာလ အစီအမံနဲ့ ပတ်သက်တဲ့ ဥပဒေပေါ့လေ။ ၅ ဦးကော်မတီကနေပြီးတော့လုပ်ဆောင်တယ်ဆိုတဲ့ဟာ။ ဒါနဲ့ပတ်သက် ပြီးတော့ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့မူဝါဒရှိပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံရေးအင်အားစုတွေအနေနဲ့ သွားမယ့်ချထားတဲ့မူတွေ သွားမယ့်လုပ်ငန်းစဉ်တွေရှိတယ်ပေါ့လေ။ ဒါတွေနဲ့ သူတို့လုပ်လိုက်တဲ့ဟာသည် လွဲချော်မှု ရှိတယ် ကွဲလွဲမှုရှိနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့က ကန့်ကွက်တာဖြစ်တယ်ပေါ့လေ။ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ ဒီလိုမျိုးပုံစံမျိုးကို သွားဖို့လုပ်ဆောင်ဖို့အတွက်ကို လက်မခံနိုင်ပါဘူးဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ ထုတ်ပြန်ကြတာ ဖြစ်တယ်ပေါ့နော်။ဒါကတစ်ပိုင်းပေါ့။ ဒီဘက်က ကျွန်တော်တို့သွားနေတဲ့မူအရ မူအရ လုပ်ငန်းစဉ်အရ လွဲမှားနေတယ် ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့ ကန့်ကွက်တယ်။ သို့သော်လည်းပဲ တစ်ဖက်မှာကတော့ နိုင်ငံရေးအရ ရှိနေတဲ့နိုင်ငံရေးအင်အားစု ဘက်တစ်ဖက်တည်းမှာရှိနေတဲ့ အင်အားစုတွေဖြစ်တဲ့အတွက် ဒါတွေသည် မဖြစ်မနေ ကျွန်တော်တို့ပူးပေါင်းပြီးတော့ တချိန်ချိန်မှာတော့ ပူးပေါင်းပြီးတော့ သွားကြရမယ်ဆိုတဲ့ဟာကလည်း ရှိပါတယ်။

DW ။ လက်ရှိအချိန်မှာ တိုင်းထဲက အစုအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးနေတယ်လို့ သိရတာပေါ့နော် ခင်ဗျား။ ဆိုတော့လေ လက်ရှိအချိန်အထိက ဘယ်နှစ်ဖွဲ့နဲ့ တွေ့ဆုံးပြီးပြီ။ နောက်ထပ်ဘယ်နှစ်ဖွဲ့လောက်တွေ့ဆုံဖို့ အစီအစဉ်ရှိလဲခင်ဗျား။

ဖြေ ။ လက်ရှိအချိန်ထိက ကျွန်တော်တို့ ၃ ဖွဲ့တွေ့ဆုံပြီးပြီလို့ ပြောလို့ရတယ်ပေါ့နော်။ အားလုံးပေါင်းတွေ့ဆုံဖို့က စာရင်းပြုစုထားတဲ့အရတော့ ၁၈ ဖွဲ့၊ ၁၉ဖွဲ့ အဲဒီနီးပါးလောက်တော့ရှိပါတယ်။ဆိုတော့ ဒါကကျွန်တော်တို့လက်လှမ်းမီ သလောက်ပေါ့လေ။ဒီကြားထဲမှာလည်း ထပ်မံပြီးတော့ ပေါ်ပေါက်လာတယ်ဆိုလို့ရှိရင် ပေါ်ပေါက်လာတဲ့အဖွဲ့အစည်း တွေကို အင်အားစုတွေကို ထပ်မံပြီးတော့ တွေ့ဆုံသွားမယ်ဆိုတဲ့ဟာမျိုးကိုလည်း ကျွန်တော်တို့ လုပ်ရမှာပေါ့လေ။

DW ။ ကျွန်တော် မမေးဖြစ်လို့ အခြားဖြည့်စွက်ပြောဖို့များရှိလားခင်ဗျား။

ဖြေ ။ ဖြည့်စွက်ပြောဖို့ဆိုတာကတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တိုင်းကို ဖယ်ဒရယ်ယူနစ်တစ်ခုအဖြစ် ပေါ်ပေါက်လာဖို့ အတွက်ကိုတော့ ဝိုင်းပြီးတော့ ကြိုးစားကြတယ်ပေါ့လေ။ ကြိုးစားကြတဲ့အချိန်ကျတော့ နိုင်ငံရေးကတော့ ပုံသေတော့ ပြောလို့မရဘူးပေါ့လေ။အစုအဖွဲ့အသီးသီးမှာကလည်း သူတို့ရဲ့အယူအဆတွေ သူတို့ရဲ့မူဝါဒတွေ သူတို့ရဲ့ သဘောထား အမြင်တွေရှိကြတယ်ပေါ့။ ရှိကြတဲ့အခါကျတော့ ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးတဲ့ဟာမှာ ရလဒ်တွေသည် ဘယ်အတိုင်းအတာအထိ ရောက်နိုင်မလဲဆိုတဲ့ဟာကို ကြိုတင်ပြီးတော့ ပြောဆိုဖို့တော့ ခက်ကြတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့တွေ့ဆုံပြီးတဲ့ အစုအဖွဲ့တွေရဲ့ အနေအထားအရတော့ ဆန့်ကျင်ဘက်မဟုတ်ဘဲနဲ့ သူ့ဟာနဲ့သူ ကောင်းမွန်တဲ့အခြေအနေတစ်ခု ရလဒ်တစ်ခုတော့ လက်ရှိအချိန်ထိတော့ ရှိနေတယ်ဆိုတဲ့အနေအထားလို့တော့ ပြောလို့ရတယ်။

DW ။ အဲလိုတွေ့ဆုံတဲ့အချိန်မှာ အချိန်တစ်ခုသတ်မှတ်ထားတယ်လို့တော့ သိရတယ်ပေါ့နော်ခင်ဗျား။ ဘယ်နှစ်လ ဘယ်အချိန်အတွင်းမှာ အပြီးတွေ့ဆုံသွားမယ်ဆိုတာပေါ့လေခင်ဗျား။

ဖြေ ။ အခုကတော့ အကြမ်းဖျင်းပေါ့လေ။ အကြမ်းဖျင်းသတ်မှတ်ပြီး သွားကြတဲ့ဟာကတော့ ၄၅ ရက်ကနေ ရက် ၆၀ အတွင်းပေါ့။ ဒီအတောအတွင်းမှာ အစုအဖွဲ့တွေကို ပြီးစီးအောင်လို့တွေ့ဆုံကြမယ်ပေါ့လေ။ တွေ့ဆုံပြီးတဲ့အခါကျလို့ ရှိရင်တော့ အစုအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကိုတော့ အစုအဖွဲ့အားလုံးဆွေးနွေးပြီးတဲ့အခါမှာ‌တော့ နှစ်ပတ်အတွင်းလောက်မှာ အစုအဖွဲ့အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်နိုင်ဖို့အတွက်ဆိုပြီးတော့ ရည်ရွယ်ထားတယ်။

DW ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား။