ကျောက်တော် တောင်ရှည်တောင်ဗျူဟာကုန်းကြီးကို AA သိမ်းယူ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချ

0
3219

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တောင်ရှည်တောင်ဗျူဟာကုန်းကြီးက စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး လက်နက်ချပြီး စခန်းကုန်းကြီးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က ပူးတွဲထုတ်ပြန်သည်။ 

ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီးက တောင်ရှည်တောင်တွင် တပ်စွဲထားသည့် ဗျူဟာကုန်းကို AA က ဒီဇင်ဘာလ ၂၅ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။ 

အဆိုပါဗျူဟာကုန်းသည် ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်း ကုလားတန်မြစ်ဘေးတွင် တည်ရှိကြောင်း ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်သည့် Western News သတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

အဆိုပါဗျူဟာကုန်းကြီးကို စတင်တိုက်ခိုက်ပြီး ၁၃ ရက်အကြာ ဇန်နဝါရီလ ၆ ရက် ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

နောက်ဆက်တွဲ သတင်းများကို ဆက်လက်ထုတ်ပြန်မည်ဟု ဆိုသည်။ 

သိမ်းယူရန် ထက်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ဗျူဟာကုန်းများအားလုံးကို အပြီးသတ်သိမ်းယူနိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း AA က ဆိုသည်။

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းလာသဖြင့် ဇန်နဝါရီလ ၆ရက် တစ်ရက်လုံး တိုက်ပွဲပြင်းထန်ကြောင်း ဖော်ပြသည်။ 

စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် သဝင်ချောင်းရွာက အသက် ၆၅နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ထုတ်ပြန်ထားသည်။

ချင်းပြည်နယ် ပလက်ဝမြို့တွင်းရှိ အဓိကနှင့် အမာခံစခန်းကုန်းကြီးများဖြစ်သည့် စကခ (၉) ၊ တပ်မ (၁၁) ရှေ့တန်း တပ်မဌာနချုပ်နှစ်ခု အပါအဝင် ပလက်ဝ-ကျောက်‌‌တော်အစပ်ရှိ မီးဝဗျူဟာကုန်းများမှ ကျန်ရှိနေသေးသည့် စခန်းများအား အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဆိုသည်။ 

ဇန်နဝါရီလ ၆ ရက်တစ်ရက်လုံး အဆိုပါစခန်းကုန်းများက ပလက်ဝမြို့နှင့် အနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြသည်။