ကန်ချနဘူရီတွင် မလေးရှားသွားမည့် မြန်မာလုပ်သားများ ကားတိုက်မှုဖြစ်၊ ရှစ်ဦးဒဏ်ရာရ

0
1059

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင် စန်ခရာဘူရီဒေသတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမားများအား တင်ဆောင်လာသော ပစ်ကပ်ကားသည် လမ်းဘေးဓါတ်တိုင်နှင့် တိုက်မိပြီး မြန်မာအလုပ်သမား ရှစ်ဦး ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာနေကြောင်း သတင်းရရှိထားသဖြင့် ထိုင်းအာဏာပိုင်များက စန်ခရာဘူရီဒေသတွင် ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီခန့်က စစ်ဆေးရေးဂိတ်ချ စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားသည် စစ်ဆေးရေးဂိတ်အရောက်တွင် အရှိန်လျှော့ဟန်ပြကာ အရှိန်ဖြင့် ပြန်မောင်းကာ အတားအဆီး များကို တိုက်၍ ထွက်ပြေးမောင်းနှင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။ 

အာဏာပိုင်များက လိုက်လံဖမ်းဆီးရာ ပစ်ကပ်ကားသည် အရှိန်လွန်ကာ လမ်းချော်ပြီး ဓါတ်တိုင်ကို ဝင်တိုက်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၃၀ ဦးလိုက်ပါလာခဲ့ပြီး ဆယ်ကျော်သက်များ အပါအဝင် အသက် ၁၇ မှ ၃၀ နှစ်အတွင်းရှိ လူငယ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား ၈ ဦး ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ ဒဏ်ရာပြင်းထန်ခဲ့ကာ ရှေးဦးပြုစုကုသပြီးနောက် စန်ခရာဘူရီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

 ကားသမားသည် အမှောင်ထဲတွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း သတင်းများတွင် ရေးသားထားသည်။ 

မြန်မာအလုပ်သမားများသည် ဘုရားသုံးဆူလမ်းကြောင့်မှတစ်ဆင့် တရားမဝင် ဝင်လာခဲ့ခြင်းဖြစ်ပြီး ဝင်ရောက်လာသည်မှာ ၈ ရက်ခန့်ကြာနေပြီဖြစ်ကြောင်း အလုပ်သမားတစ်ဦး၏ ဖြေကြားချက်ကို ဖော်ပြထားသည်။

အားလုံးသည် ရခိုင်ပြည်နယ်မှ မလေးရှားသွားရောက်ရန် ဝင်ရောက်လာကြသူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ ဆိုင်ကယ် တစ်တန်၊ လှေတစ်တန်ဖြင့် ဝင်ရောက်လာခဲ့ပြီးနောက် ပစ်ကပ်ကားဖြင့် လိုက်ပါလာစဉ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ဆိုသည်။ 

အဆိုပါခရီးစဉ်အတွက် တစ်ဦးလျှင် ဘတ် ၂၅၀၀၀ မှ ၃၀၀၀၀ အထိ ကုန်ကျမည်ဖြစ်ကြောင်းလည်း အလုပ်သမားများ၏ ပြောဆိုချက်ကို သတင်းတွင် ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခနှင့် အလုပ်အကိုင်ရှားပါးမှုတို့ကြောင့် ပြည်ပသို့ ထွက်လာကြခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူရန် စန်ခရာဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

Ref: Khaosod Online, MGR Online, Siamrath