တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1010

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ဇန်နဝါရီလ ၆ ရက်နေ့အထိ

နိုင်ကျဉ်းအနည်းငယ်ပဲပါတဲ့ စစ်ကောင်စီလွတ်ငြိမ်း

လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးရာမှာ နိုင်ငံရေး အကျဉ်းသား အနည်းငယ်ပဲ ပါဝင်ပါတယ်။

ဇန်နဝါရီလ ၄ရက်နေ့မှာ ကျရောက်တဲ့ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းက အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို လွှတ်ပေးခဲ့တာပါ။

ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်ပဲပါတယ်လို့ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့မှာပဲ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ဖော်ပြောဆိုပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းဖော်ပြတာမျိုးတော့ မရှိပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကတော့ အကျဉ်းထောင် ၂၈ ခုကနေ နိုင်ငံရေး အကျဉ်းသား ၄၄၀ လွတ်မြောက်တယ်လို့ ထုတ်ပြန်ထားပြီး အကျဉ်းထောင်အများစုကတော့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာ မရှိဘူးလို့ ဆိုပါတယ်။

လွတ်မြောက်လာသူတွေထဲမှာ NLD အစိုးရလက်ထက်မှာ ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးတာဝန်ယူခဲ့တဲ့ ဒေါက်တာလှမြတ်သွေး၊ မန္တလေးတိုင်းမြို့တော်ဝန် ဒေါက်တာရဲလွင်တို့ ပါဝင်ပါတယ်။ ဒါ့အပြင် ဆန္ဒပြပွဲကို သတင်းယူနေချိန် စစ်ကားနဲ့ဝင်တိုက်ပြီး ဖမ်းဆီးထောင်ချခံရတဲ့ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းလည်း လွတ်မြောက်လာပါတယ်။

……………………………………

လောင်ကိုင်ဒကစ လက်နက်ချထွက်ခွာ၊ ကိုးကန့်ဒေသတစ်ခုလုံးကို MNDAA သိမ်းယူ

လောက်ကိုင်မြို့က ဒေသကွက်ကဲမှုစစ်ဌာနချုပ် ဒကစ အပါအဝင် တပ်ရင်းစခန်းအားလုံးက တပ်ဖွဲ့ဝင် ၂၃၀၀ ကျော် လက်နက်ချထွက်ခွာသွားကြပြီဖြစ်ပါတယ်။

စစ်ကောင်စီတပ်သားအားလုံး ဆုတ်ခွာပြီဖြစ်တာကြောင့် ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းယူနိုင်ပြီလို့ ကိုးကန့်တပ်  (MNDAA) က ကြေညာပါတယ်။ 

လောက်ကိုင် ဒကစ အပါအဝင် အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ တပ်ရင်းစခန်းအားလုံး ဇန်နဝါရီလ ၅လက်နက်ချတာပါ။  လက်နက်ချသူတွေထဲမှာ ဗိုလ်မှူးချုပ်အဆင့်ရှိသူ ခြောက်ဦး၊ အရာရှိ ၂၂၈ ဦး ပါဝင်တယ်လို့လည်း ကိုးကန့်တပ်က ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင် ၁၆၀၀ ကျော်တို့ကို သူတို့သွားလိုတဲ့နေရာနဲ့ လုံခြုံတဲ့နေရာတွေကို ပို့ဆောင်ပေးခဲ့ တယ်လို့ ဖော်ပြပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေ ထွက်ခွာတာ၊ လောက်ကိုင် ဒကစမှာ ​ကိုးကန့်တပ် အလံလွှင့်ထူတဲ့ ရုပ်သံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီတပ်ဟာ ကိုးကန့်တပ်နဲ့ ကြိုတင်ညှိနှိုင်းပြီး လက်နက်ချက်ခဲ့တာလည်းဖြစ်ပါတယ်။

တပ်မိသားစုဝင်တွေ လုံခြုံရေးနဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲပြီး တရုတ်နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မပျက်ပြားအောင် တပ်မှူးတွေ အကောင်းဆုံး ဆုံးဖြတ်ပြီးတော့ လောက်ကိုင်မှာ လက်နက်ချခဲ့တာလို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပေါ်ပြူလာနယူးစ်သတင်းတစ်ရပ်မှာ ပြောဆိုထားပါတယ်။

……………………………………

ရှမ်းမြောက်တိုက်ပွဲကြောင့် တရုတ်ထဲလက်နက်ကြီးကျည်ကျလို့ တရုတ်အပြင်းအထန်ကန့်ကွက်

လောက်ကိုင်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်ကြား တိုက်ပွဲကြောင့် တရုတ်ဘက်ခြမ်းကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး တရုတ်နိုင်ငံသား ထိခိုက်ဒဏ်ရာရခဲ့တာကြောင့် တရုတ်က အပြင်းအထန် ကန့်ကွက်ထားပါတယ်။

လောက်ကိုင်အနီးက တရုတ်နိုင်ငံ နန်ဆန်မြို့ထဲက ကားလမ်းဘေးကို ဇန်နဝါရီလ ၃ရက်နေ့က လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာပါ။ တရုတ်နိုင်ငံသားတွေ ထိခိုက်ဒဏ်ရာတာကို အပြင်းအထန် ကန့်ကွက်ရှုတ်ချပြီး သက်ဆိုင်ရာ အဖွဲ့တွေကို တရားဝင် ကန့်ကွက်စာပို့ထားတယ်လို့ တရုတ်ဘက်က ဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ မြောက်ပိုင်းသုံးဖွဲ့ တတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ ရက်ပိုင်းအလိုမှာပဲဖြစ်ပွားခဲ့တာပါ။ ဒါကြောင့် တရုတ်ဘက်က ဖိအားပိုပေးလာနိုင်တယ်လို့လည်း သုံးသပ်မှု​တွေ ရှိနေပါတယ်။

……………………………………

စစ်ရဟတ်ယာဉ် ပစ်ချခံရ

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့အနီးမှာ စစ်ကောင်စီတပ်ရဟတ်ယာဉ်တစ်စင် ပစ်ချခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးသေဆုံးပြီး ဗိုလ်မှူးတစ်ဦး ဖမ်းဆီးခံရပါတယ်။

ကရင်နီမှာ တိုက်လေယာဉ်တစ်စင်း ပစ်ချခံရပြီး နှစ်လလောက်အကြာမှာပဲ ကချင်မှာ ရဟတ်ယာဉ်တစ်စင်း ပစ်ချခံရတာပါ။

ဇန်နဝါရီလ ၃ရက်နေ့ နေ့လယ်ပိုင်းမှာ နာဖာ့တပ်စခန်းကို လက်နက်နဲ့ ရိက္ခာလာပို့တဲ့ ရဟတ်ယာဉ်နှစ်စင်းထဲက တစ်စင်းကို ပစ်ချနိုင်ခဲ့တာလို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ဟာ ရုရှားထုတ် Mi-17 အမျိုးအစားဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တက္ကသိုလ် DSA အမှတ်စဉ် ၄၅ ကျောင်းဆင်း ရဟတ်ယာဉ်မှူး ဗိုလ်မှူးဇော်မျိုးသန့်ကို ဒဏ်ရာတွေနဲ့ ဖမ်းမိပြီး တွဲဖက်ရဟတ်ယာဉ်မှူး ဗိုလ်ကြီးကောင်စံသိန်းကတော့ သေဆုံးတယ်လို့ လူမှုကွန်ရက်မှာသတင်းပျံ့နေပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ရဟတ်ယာဉ်ပစ်ခတ်ခံရပြီးနောက်မှာ KIA မှာ လေယာဉ်ပစ်လက်နက်တွေ ရှိနေပြီလားဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

……………………………………

NUG ရဲ့ တရုတ်အပေါ်သဘောထား ဘယ်လိုလဲ

ပုံစာ – ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ တရုတ်ရေနက်ဆိပ်ကမ်းစီမံကိန်း။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ တခြားလူမှုစီးပွားလုပ်ငန်းတွေရဲ့ လုံခြုံရေးကို ထိန်းသိမ်းကာကွယ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါတယ်။

NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာသဘောထားကို ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်ရာမှာ အခုလိုဖော်ပြတာပါ။ နှစ်နိုင်ငံ ပြည်သူကြား ချစ်ကြည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို အစွမ်းကုန်မြှင့်တင်မှာဖြစ်သလို နှစ်နိုင်ငံကြား လူမှုစီးပွားရေးအရ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကိုလည်း ထိန်းသိမ်းမြှင့်တင်မယ်လို့ ဆိုပါတယ်။

အာဏာမသိမ်းခင်က နှစ်နိုင်ငံ နယ်နိမိတ်သတ်မှတ်မှုစာချုပ်တွေ အပါအဝင် နှစ်နိုင်ငံကြားသဘောတူစာချုပ်တွေကို မြန်မာနိုင်ငံက တာဝန်ယူမယ်လို့လည်း NUG က ဆိုပါတယ်။ ကျားဖြန့်အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားနဲ့ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါး လုပ်ငန်းတွေအပါအဝင် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေကို တရုတ်အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်လို့ ပြောပါတယ်။

ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ တရုတ်ဘက်က မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကို ဖိအားပေးလာချိန်မှာပဲ NUG ရဲ့ တရုတ်နိုင်ငံဆိုင်ရာသဘောထား ထွက်လာတာလည်း ဖြစ်ပါတယ်။

……………………………………

မြန်မာကလေးသူငယ်ခြောက်သန်း အဟာရချို့တဲ့၊ ပညာလည်း သင်ခွင့်မရ

မြန်မာနိုင်ငံမှာ ကလေးသူငယ် ခြောက်သန်းကျော် အဟာရချို့တဲ့တာ၊ ပညာသင်ကြားခွင့်မရတာတွေနဲ့ ကြုံနေရပါတယ်။

အာဏာသိမ်းပြီးနောက် အကျပ်အတည်းကာလမှာ ကလေးသူငယ်တွေ ခါးစည်းခံနေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (UNOCHA) ဒီဇင်ဘာလထဲမှာ ထုတ်ပြန်ထားပါတယ်။

အိုးမဲ့အိမ်မဲ့ဖြစ်ရတာ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့်ဆုံးရှုံးတာ၊ စားနပ်ရိက္ခာမလုံလောက်တာနဲ့ အာဟာရချို့တဲ့တာတွေကြောင့် ကလေးသူငယ် ခြောက်သန်းဟာ အကူအညီလိုနေတယ်လို့ ဆိုပါတယ်။

အဲဒီထဲက ကလေးသူငယ်အများစုဟာ အတင်းအကျပ် တပ်သားစုဆောင်းခံရတာ၊ စိတ်ထိခိုက်ခံစားရတာတွေ အပါအဝင် အန္တရာယ်အမျိုးမျိုးကနေ ကာကွယ်စောင့်ရှောက်ခံရဖို့လည်း လိုအပ်နေတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဖြစ်တဲ့ လူ ၁၈ ဒသမ ၆သန်းကျော်ဟာလည်း လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ UNOCHA က ဆိုပါတယ်။

……………………………………

ရှမ်းမြောက်မှာ ကလေးငယ်တွေအပါအဝင် အရပ်သားတစ်ရာကျော်သေဆုံး

၁၀၂၇ စစ်ဆင်ရေး နှစ်လတာကာလအတွင်း ရှမ်းမြောက်မှာ ကလေးငယ်တွေအပါအဝင် အရပ်သားတစ်ရာကျော် သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO) က ထုတ်ပြန်ပါတယ်။

ရှမ်းမြောက်က တိုက်ပွဲတွေပြင်းထန်နေတဲ့ မြို့နယ် ၁၆ မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ပြုစုနေတယ်လို့ ဆိုပါတယ်။

ကလေး ၂၈ဦးအပါအဝင် အရပ်သား ၁၂၀ ကျော် သေဆုံးပြီး ကလေး ၄၇ဦးအပါအဝင် ၂၄၀ နီးပါး ထိခိုက်ဒဏ်ရာရတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ပါတယ်။

လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းနဲ့ ဗုံးကြဲတာ၊ မြေမြှုပ်မိုင်း စတာတွေကြောင့် သေဆုံးဒဏ်ရာရတာလို့ ဖော်ပြပါတယ်။

ဒါ့အပြင် အရပ်သားနေအိမ်တွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ လမ်းတံတားတွေ ထိခိုက်ပျက်စီးတာလည်း ၄၆၀ ကျော် ရှိတယ်လို့ ဆိုပါတယ်။

……………………………………