မုန်တိုင်းကြောင့် ပင်လယ်တွင် လှိုင်းထန်ပြီးမိုးသက်လေပြင်းကျနိုင်ကြောင်း ရေလုပ်သားများကို သတိပေး

0
1543
ဓာတ်ပုံ - ဦးဝင်းနိုင် Facebook

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းနှင့် ပင်လယ်ပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်းများ ကျရောက်နိုင်ခြေရှိကြောင်း မိုးလေဝသ သတိပေးချက်ထုတ်ထားသည်။

မိုးလေဝသလေ့လာသူ ဦးဝင်းနိုင်က ၎င်း၏ Facebook စာမျက်နှာတွင် ပင်လယ်ပြင်ရေလုပ်သားများအတွက် သတိပေးချက်ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၂၃ ရက်က ရေးသားသတိပေးထားခြင်းဖြစ်သည်။

ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်သည့် အခြေအနေတစ်ခု ထိုင်းပင်လယ်ကွေ့တွင် အစပြုနေကြောင်း ဦးဝင်းနိုင်က ရေသားထားသည်။

မုန်တိုင်းအစပြုရာမှ ကပ္ပလီပင်လယ်ပြင်ကို ဖြတ်ကျော်သည့်အချိန် နိုဝင်ဘာလ ၂၇ နှင့် ၂၉ ရက်ကြားတွင် မုန်တိုင်းငယ်ဖြစ်လာနိုင်ကြောင်း ဆိုထားသည်။

ယင်းမုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်း၊ ကမ်းနီး၊ ကမ်းဝေးရေပြင်တွင် လှိုင်းလေထန်ပြီး မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

နိုဝင်ဘာလ ၃၀ ရက်တွင်မူ မုန်တိုင်းဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီမိုင် ၁၀၀ အထိရှိလာနိုင်ပြီး လှိုင်းအမြင့် ၃၃ ပေခန့်အထိရှိနိုင်‌သည်ဟုဆိုသည်။

မြစ်ဝကျွန်းပေါ်၊ မွန်၊ တနင်္သာရီကမ်းရိုးတန်းပင်လယ်ပြင်ထက် ရခိုင်ကမ်းရိုးတန်းတွင် လေတိုက်နှုန်း၊ လှိုင်းအမြင့်ပိုများနိုင်ကြောင်းလည်း သတိပေးထားသည်။

ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာလျှင် ထိုင်းပင်လယ်ကွေ့မှတစ်ဆင့် တနင်္သာရီတိုင်းအနီး ပင်လယ်ပြင်ကို ဖြတ်ကျော်ကာ ရခိုင်ပြည်နယ်ဘက်သို့ ဦးတည်နေကြောင်း ဦးဝင်းနိုင်က ရေးသားထားသည်။

မုန်တိုင်းဖြတ်ကျော်မည့်အချိန်မှာ ဒီဇင်ဘာလ ၁ ရက်နေ့ဟု ခန့်မှန်းထားသည်။

ယင်းအတွက်အကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်နေထိုင်သူများ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားသင့်ကြောင်း ဦးဝင်းနိုင်က နိုဝင်ဘာလ ၂၄ ရက်တွင် ရေးသားသတိပေးထားသည်။

ယင်းအပြင် ပင်လယ်ပြင်ရှိ ရေလုပ်သားများလည်း လှိုင်းလေဒဏ်မှ ရှောင်ရှားနိုင်ရန် ကမ်းပြန်ဝင်ချိန် ယနေ့အပါအဝင် ၆ ရက်ရှိသေးကြောင်း ရေးသားထားသည်။