မြိတ် သစ်ယာဝရွာအုပ်စုသို့ စစ်ကောင်စီတပ်ဝင်လာသဖြင့် ရွာသားများထွက်ပြေး

0
1132

မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်သားများ ဝင်ရောက်လာသည့်အတွက် ရွာသားများ ထွက်ပြေးခဲ့ရကြောင်း ဒေသခံများထံမှသိရသည်။

နိုဝင်ဘာလ ၂၃ ရက် နံနက် ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ခန့် စစ်ကား နှစ်စီးဖြင့် ဝင်ရောက်လာသည့်အတွက် ရွာသားများ ကြောက်လှန့်တကြား ထွက်ပြေးခြင်းဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။

“(သစ်ယာဝအုပ်စုထဲက) ကန်ပြင်ဘုန်းကြီးကျောင်းမှာ ကထိန်လုပ်နေချိန် ရုတ်တရက်ကြီး ဝင်လာတယ် ဆိုတော့ လူငယ်တွေက ကြောက်လန့်ပြီးပြေးကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များ ရောက်ရှိလာပြီးနောက် သစ်ယာဝကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ နေအိမ်အချို့အား ဓါတ်ပုံရိုက်သွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

“တက်ကြွလှုပ်ရှားတဲ့ သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ နေအိမ်တချို့ကိုတော့ ဓါတ်ပုံရိုက်သွားတယ်။ လူတွေကိုတော့ ဖမ်းတာဆီးတာမျိုး မလုပ်ပါဘူး” ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

သစ်ယာဝကျေးရွာအုပ်စုရှိ သစ်ယာဝ၊ ကန်ပြင်၊ ပနာတောင် စသည့်ကျေးရွာသုံးရွာတွင် PDF ကို ထောက်ပံ့သူ သုံးဆယ်ဦးခန့်ရှိသည်ဟု သတင်းအရ လာရောက်ခဲ့သည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများ က ပြောဆိုသည်။

“ရွာကလူတွေက ဘယ် PDF နဲ့မှလည်း အဆက်အစပ်မရှိဘူး။ အချိန်ကျရင် လယ်လုပ်မယ်၊ ရော်ဘာ ခြစ်မယ်၊ ငါးဖမ်းထွက်မယ်၊ ဒီအလုပ်တွေပဲ နေ့စဥ်မိုးသောက် လုပ်နေကြတာ။ ဒီကိစ္စ တစ်ယောက်ယောက်က ချွန်လိုက်တာဖြစ်မယ်” ဟု ဒေသခံ သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သားများ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွားကြောင်း ဒေသခံများက ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်များ သစ်ယာဝကျေးရွာအုပ်စုသို့ ရောက်ရှိလာခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။